ကာဘွန်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချပြီး၊ ဥတုရာသီ မပျက်စီးစေတဲ့ နည်းပညာနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့အတွက် ဥရောပသမဂ္ဂပါလီမန်က သဘောတူညီချက်တစ်ရပ်ကို တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ကာဘွန်ဓာတ်ငွေ့ ထွက်တာကို ဖြတ်တောက်ပြီး၊ စက်မှုလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခွန် တဖြည်းဖြည်း စဆောင်စေဖို့နဲ့ အဆောက်အဦးတွေနဲ့ လမ်းတွေပေါ်ကနေ လောင်စာငွေ့တွေ ထွက်နေတာ လျှော့ချနိုင်အောင် ဒီသဘောတူညီချက်က ရည်ရွယ်တယ်လို့ အီးယူပါလီမန် ကြေညာချက်မှာ ပြောထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသူက ပေးဆောင်ရမယ်ဆိုတဲ့ မူအောက်မှာ လျှပ်စစ်ထုတ်လုပ်သူတွေ၊ သံမဏိနဲ့ ဘိလပ်မြေ ထုတ်လုပ်သူတွေအတွက် အခွန်မဆောင်ရတဲ့ ကာဘွန် ပမာဏာကို သတ်မှတ်ခွဲတမ်း ချထားပေးမှာဖြစ်ပြီး၊ ဒီ အခွန်လွတ် ပမာဏကို တဖြည်းဖြည်း လျှော့ချသွားမှာ ဖြစ်ပါတယ်။ ကာဘွန် ထုတ်လုပ်မှုနည်းပြီး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာမှာ ရင်းနှီးမြှုပ်နှံလာအောင် မူဝါဒ ချမှတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်အရ၊ ၂၀၀၅ တုန်းက ကာဘွန်ထွက်ပမာဏာ ရဲ့ ၆၂ ရာနှုန်းကို ၂၀၃၀ မှာ ဖြတ်တောက်မယ်လို့ သဘောတူလိုက်ကြပါတယ်။
၂၀၃၄ မှာ လုံးဝမထွက်ဖို့ ရည့်မှန်းပါတယ်။ အဲဒီလို လျှော့ချတာကို ရေကြောင်းလုပ်ငန်းတွေ၊ ဥရောပနိုင်ငံများကြား လေကြောင်းလုပ်ငန်းတွေနဲ့ အမှိုက်စွန့်ပစ်လုပ်ငန်းတွေအထိ ချဲ့သွားမယ်လို့ ကြေညာချက်က ပြောပါတယ်။ တင်သွင်းကုန်တွေနဲ့ ပတ်သက်ပြီးတော့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို ချမှတ်ပြီး၊ ကာဘွန်အကောက်ခွန် သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် ရောက်တဲ့အခါ အိမ်ထောင်စု အသီးသီးဟာလည်း အိမ်အပူပေးရတာနဲ့ လမ်းပေါ်မှာ ကိုယ်အသုံးပြုတဲ့ လောင်စာကနေ ထွက်လာမယ့် ကာဘွန်အတွက် အခွန်ပေးဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ အဲဒီအခွန်တွေက လူမှုသဘာဝပတ်ဝန်းကျင် ရံပုံငွေထဲကို ရောက်သွားကြမှာ ဖြစ်ပြီး၊ ချို့တဲ့သူတွေနဲ့ ရုန်းကန်နေရတဲ့ စီးပွါးရေးလုပ်ငန်းတွေကို အကူအညီပေးရာမှာ ဒီ ရံပုံငွေကို အသုံးပြုဖို့ ရည်ရွယ်ပါတယ်။
==== Unicode ====