သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ရဲကင်းတိုက်ခိုက်ခံရမှု EU ဝေဖန်ရှုတ်ချ


၄-၁-၂၀၁၉ ရက်နေ့တွင် AA အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ
၄-၁-၂၀၁၉ ရက်နေ့တွင် AA အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံး ရပ်တန့်ဖို့ ဥရောပသမဂ္ဂ (EU) က ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA ရဲ့ စီးနင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် သံရုံးအကြီးအကဲတွေနဲ့ EU သံကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ သက်ဆိုင်သူတွေ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

သမိုင်းကြောင်းနဲ့ချီ အမြစ်တွယ်လာခဲ့တဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးမှုတွေ၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ဖြေရှင်းဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ၄ လကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့လထဲမှာပဲ ကြေညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း EU ကပြောဆိုခဲ့ပေမဲ့၊ ဆယ်စုနှစ်နဲ့ချီ ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် အရှိန်အဟုန်တွေ အားကောင်းလာစေဖို့၊ အပစ်အခတ် ရပ်စဲရေး ကာလကို နောက်ထပ် သက်တမ်းတိုးဖို့နဲ့ ရခိုင်ပြည်နယ်ကိုပါ ထည့်သွင်းဖို့လည်း တိုက်တွန်းထားပါတယ်။

ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တုန်းက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို ရခိုင်တပ်မတော် AA လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့အပေါ် နိုင်ငံတကာကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်လာနေတာပါ။

စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပမ်ကြောင်းနဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးလည်းဖြစ်တဲ့ Knut Ostby ကလည်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG