သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်းလုံးရေးနဲ့ တည်ငြိမ်ရေး ဖော်ဆောင်ဖို့ မြန်မာသမ္မတသစ်ကို ကုလတိုက်တွန်း


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၅ ရက်နေ့မှာ တခဲနက် ရွေးချယ် တင်မြှောက်လိုက်ကြတဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ဆက်လက် ထွက်ပေါ်လာနေတာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ စည်းလုံး ညီညွတ်ဖို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အလားတူပဲ EU နဲ့ မြန်မာအိမ်နီးချင်း နိုင်ငံတွေကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့အပေါ် ဝမ်းမြောက်ကြိုဆိုကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“၂၀၁၅ နိုဝင်ဘာ ၈ ရက် နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေအပြီး လွှတ်တော်ကနေ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သား သမ္မတကို ရွေးချယ်ခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုပါတယ်။ ဒါဟာ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရက အစပျိုးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေးရှုဆောင်ရွက်နိုင်မယ့် ထူးခြားတဲ့ အောင်မြင်မှုတရပ်လည်း ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်းရေးတို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ အတွက်လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတသစ်ကို တိုက်တွန်း ပြောကြားလိုက်ကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ပါတယ်။ အသွင်ကူးပြောင်းရေးကာလရဲ့ အထင်ကရကျလှတဲ့ အခုလို အချိန်မျိုးမှာ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်နဲ့အတူ တခြား အဓိကကျတဲ့ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို အားဖြည့်ရာမှာ ချောမွေ့ပြီးတော့ ငြိမ်းချမ်းစွာ ဖော်ဆောင်နိုင်ရေးအတွက် အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရာမှာလည်း ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ထပ်ထောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Stephane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။

အလားတူပဲ EU - ဥရောပသမဂ္ဂအနေနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒီမိုကရေစီနည်းအရ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံမှုအပေါ် နွေးထွေးစွာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်လည်းဖြစ်၊ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အားပေးသူလည်းဖြစ်တဲ့ EU အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တန့်ပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာရေးအတွက် သမ္မတ ဦးထင်ကျော်အပါအဝင် မကြာခင် ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဥရောပမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ လွှတ်တော်က ပေးအပ်လိုက်တဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်တော့မယ့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ရေးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ ပြယုတ်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ချီးကျူး ဂုဏ်ပြုကြောင်း မနေ့က ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးးကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရမှုအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ရှေ့ဆက်လှမ်းရမယ့် ကိစ္စအရပ်ရပ်အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါဝင်နေတာအပြင် အရေးပါတဲ့ ဝန်ကြီးဌာနတွေကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေးအတွက် တပ်မတော်ရဲ့ ပါဝင် ဆောင်ရွက်မှုဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မတ်လ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရဝန်ကြီးဌာနတွေ စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး အစိုးရဝန်ကြီးအဖွဲ့ အမည်စာရင်းကိုတော့ ရှေ့သီတင်းပတ်ထဲမှာ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG