ဒီကနေ့ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေကို ရဲတွေက အင်အားသုံး ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးပေးဖို့ ဥရောပသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့်တွေကို အခြေခံ ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး၊ ဒီလို ဆန္ဒထုတ်ဖော်နေသူတွေကို အင်အားသုံး ဖြေရှင်းခဲ့တာအတွက် အထူးစိုးရိမ်ကြောင်း ဒီကနေ့ပဲ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုံးနဲ့အညီ လုပ်ဆောင်လာစေဖို့ မြန်မာအစိုးရကရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ကပါ တိုက်ရိုက် ပန်ကြားခဲ့တဲ့အတွက် အီးယူကနေ မြန်မာရဲတွေကို လေ့ကျင့်သင်တန်းပေးခဲ့တာဖြစ်ပြီး ဒီလိုအခြေနေမျိုးမှာ လေ့ကျင့်သင်တန်းပေးထားတဲ့ ရဲတွေကိုသာ သုံးဖို့ အရေးကြီးကြောင်း အလေးပြု ပြောကြားခဲ့တာပါ။
ဒါ့အပြင် လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြည်ထဲရေးဝန်ကြီးနဲ့ရော မြန်မာရဲတပ်ဖွဲ့နဲ့ပါ အီးယူက တွေ့ဆုံပြီး အပြန်အလှန် နားလည်မှုနဲ့ အပေးအယူလုပ်ပြီး ညှိနှိုင်းမှုဟာ သိပ်အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အီးယူအနေနဲ့ ရဲတပ်ဖွဲ့ဝင် မဟုတ်သူတွေကို သင်တန်းမပေးခဲ့သလို ဒီလို ရဲက ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စရပ်မျိုးမှာ ဒီလို လူတွေကို မသုံးသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အခုလို မြန်မာရဲတွေက အင်အားသုံးဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ရန်ကုန် ဗြိတိသျှသံရုံးကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ လက်ပံတန်းမှာရော မတ်လ ၅ ရက်နေ့က ရန်ကုန်မှာပါ ဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ ရဲမဟုတ်တဲ့ အဖွဲ့တွေကိုပါ အသုံးပြုခဲ့တာ တွေ့ရပြီး ဒီလုပ်ရပ်ဟာ ဆန္ဒပြမှုတွေကို ကိုင်တွယ်ဖို့ ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းကိုပါ ထိခိုက်နှောင့်ယှက်မှု ဖြစ်စေတယ်လို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။
Amnesty International နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း အခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ရဲက အင်အားသုံး ဖြိုခွင်းမှုတွေ ရပ်တန်းကရပ်ဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။