သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီတချို့ တိုက်တွန်း


စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီတချို့ တိုက်တွန်း
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီတချို့ တိုက်တွန်း

ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူတွေဟာ မြန်မာပြည်သူအများ ရသင့်ရထိုက်တဲ့ စီးပွားရေးနဲ့ တခြား အကူအညီ၊ အခွင့်အလမ်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက EU ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာရေးပြီး တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ အတွက်လည်း လွှတ်တော်အတွင်းက ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းပြီးတော့ အားထုတ် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ မိတ်ဆွေများပါတီလို့ နာမည်ပေးထားတဲ့ ပြည်တွင်းက ရွေးကောက်ပွဲဝင်ခဲ့ပြီး အမတ်နေရာတချို့ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုကြား မဟာမိတ်ပုံစံမျိုး ဖွဲ့ထားတဲ့ အဖွဲ့က ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့မူကို ရုပ်သိမ်းပေးဖို့နဲ့အတူ မြန်မာနိုင်ငံရဲ့ လူမှုရေး ကဏ္ဍတွေမှာ အကူအညီတွေ ထပ်တိုးပေးဖို့ ဥရောပ ခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီပါတီ ၁၀ ခုကတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဝံသာနု NLD၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အစိုးရကို ပစ်မှတ်ထားတယ် ဆိုပေမဲ့ ပြည်သူတွေ ထိခိုက်နေတာကြောင့် အခု ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ကျင့်သုံးနေတဲ့ မူကို ပြန်လည်သုံးသပ်နေတဲ့ အချိန်နဲ့ ကိုက်ပြီး အခုလို အိတ်ဖွင့်စာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“Sanction after Sanction ဟာ ပြည်သူတွေအတွက် အကျိုးမရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကြောင့် ပိတ်ဆို့ထားတယ်ဆိုရင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးဟာ ဘယ်တော့ရမလဲ ဆိုတာကို ဘယ်သူမှ အပ်ချမတ်ချ မပြောနိုင်ပါဘူး။ အဲတော့ ဒဏ်ခံရမှာကတော့ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေပဲ ဖြစ်တာမို့ သက်ဆိုင်ရာပါတီ ၁၀ ပါတီစလုံးက သူတို့လည်း ဒီလို ခံစား သိရှိတဲ့အတွက်ကြောင့် အခုလို စုပေါင်းပြီး ရေးရခြင်း ဖြစ်ပါတယ်။”

ဒါပေမဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ရင် မြန်မာပြည်သူတွေအတွက် ရေတို ရေရှည်မှာ ဘယ်လိုမျိုး အကျိုးခံစားခွင့်တွေ ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးခင်မောင်ဆွေက အခုလို ဖြေကြားပါတယ်။

“ပိတ်ဆို့မှုတွေကို ဖွင့်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေမှာ ချက်ချင်း လက်ငင်းကြီး အကျိုးရသွားမလားဆိုတော့ အဲဒီလို မျှော်လင့်ချက်မျိုး မဟုတ်ပါဘူး။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ ပေါလာမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ပိတ်ဆို့မှုတွေကြောင့် တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက် အကျိုးသက်ရောက်ပြီး ဥပမာ ဂီရိတို့၊ ဆိုင်ကလုန်း နာဂစ်တို့ ဖြစ်ခဲ့တုန်းက ရတဲ့အလှူငွေတွေဟာ တခြားနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် အများကြီးကို Sanction ပိတ်ဆို့မှုကြောင့် နည်းပါးပြီး ရတာကို သိရပါတယ်။

“ဒါ့အပြင် ODA ဆိုတဲ့ Oversea Development Assistance တွေ မရတဲ့အခါမှာ နိုင်ငံတော် စီးပွားရေး အခွင့်အလမ်းတွေ တက်လာဖို့၊ လူတွေ တဦးချင်းရဲ့ အလားအလာတွေကို ထိခိုက်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။”

တဘက်မှာလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျရတာတွေဟာ ပိတ်ဆို့ဒဏ်ခတ်မှုထက် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ တရားဥပဒေ စိုးမိုးမှုအပေါ် အခြေမခံဘဲ စစ်တပ်နဲ့ သူတို့နဲ့ နီးစပ်သူတွေက စီးပွားရေးလုပ်ငန်းတွေ အားလုံးလိုလို လက်ဝါးကြီးအုပ်တဲ့ အတွက်ကြောင့် ဆိုပြီး ကျွမ်းကျင်သူ အများက ထောက်ပြကြပါတယ်။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းရေးအပြင် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လိုများ လုပ်ဆောင်မှုတွေ ရှိနေပါသလဲ။ NDF ပါတီကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စီးပွားရေး မူဝါဒတွေ ချမှတ်နိုင်ဖို့ လွှတ်တော်တွင်းကနေ ဥပဒေမူကြမ်းတွေ အဆိုတင်သွင်းဖို့ ကြိုးစားနေတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“စီးပွားရေး ပိတ်ဆို့မှု တခုတည်းကြောင့် မတိုးတက်တာလား ဆိုရင်တော့ မဟုတ်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုက အကြောင်းအချက်တွေထဲက တချက် ဖြစ်ပါတယ်။ တဘက်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်ဖို့ တောင်းဆိုသလို တဘက်မှာလည်း ကျနော်တို့က လွှတ်တော်ထဲမှာ ရှိနေတဲ့ ကိုယ်စားလှယ်တော်တွေက နေပြီးတော့ အများပါဝင်တဲ့ စီးပွားရေးဖြစ်အောင် Competition Law ပေါ့၊ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ဥပဒေကိုလည်း ကျနော်တို့ တင်သွင်းထားပါတယ်။

“ကျနော်တို့ပါတီက လယ်ယာကဏ္ဍမှာ စိုက်ပျိုးစရိတ်တွေ မလောက်ငတဲ့ ဟာတွေကို တိုးမြှင့်ပေးဖို့ဆိုတဲ့ အဆိုပြုချက်ကို ဒီနေ့ပဲ တင်ပြီထင်ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုမိုပွင့်လင်းလာတဲ့ စီးပွားရေးနဲ့ မိတ်ဘက်ဖြစ်မယ့် ဥပဒေတွေ သိဖို့လည်း အဆိုပြုချက်တွေ တင်သွင်းသွားဖို့ ရှိပါသေးတယ်။”

NDF ပါတီက ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အထင်ကရ နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခုဖြစ်တဲ့ ICG အဖွဲ့ကလည်း အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ ဆက်လက် ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ဖို့အတွက် မက်လုံးရှိမှာ မဟုတ်ဘူးဆိုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့ အဆိုပြုထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လ အတွင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေတွေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိသေးတာကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အခုလောလောဆယ် မြန်မာနိုင်ငံကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ EU ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့ ဖြစ်ပါတယ်။

XS
SM
MD
LG