သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဒဏ်ခတ်မှု နှစ်ဘက်အယူအဆ EU နားထောင်


စီးပွားရေးဒဏ်ခတ်မှု နှစ်ဘက်အယူအဆ EU နားထောင်
စီးပွားရေးဒဏ်ခတ်မှု နှစ်ဘက်အယူအဆ EU နားထောင်

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးရေး၊ မတိုးရေး အတွက် ဧပြီလထဲမှာ သုံးသပ်ဖို့ ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံအရာရှိတွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ အီတလီ သံအမတ်ကြီးရဲ့ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။ EU သံအမတ်တွေက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းနဲ့ အရင်ဆုံး မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ NLD ပါတီအပြင် NLD ကနေ ခွဲထွက်သွားပြီး ဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ တိုင်းရင်းသားပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ဧပြီလမှာ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု သက်တမ်းကို သုံးသပ်ချက် မတိုင်ခင် အခုလို EU နိုင်ငံက တာဝန်ရှိသူတွေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီ တချို့ တွေ့ဆုံဖို့ EU ဥရောပသမဂ္ဂ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အီတလီနိုင်ငံက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အဓိကကတော့ စီးပွားရေးပိတ်ဆို့ အရေးယူမှု ဆက်လက်ထားရှိဖို့ သဘောထားရှိတဲ့ NLD ပါတီနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းဖို့ တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီ ၁၀ ခုရဲ့ မတူကွဲပြားနေတဲ့ အယူအဆတွေကို EU အဖွဲ့ဝင်တွေက နားထောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဒီဆွေးနွေးပွဲကို တက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက ပြောပါတယ်။

“ပထမတော့ သူတို့က ကျနော်တို့ တပါတီဆီကို တင်ပြခိုင်းတယ်။ ကျနော်တို့ကတော့ Sanction ကို ရုပ်သိမ်း သင့်တယ်လို့ ပြောတာပေါ့။ ဒေါ်စုကလည်း ဒါဟာ ပြည်သူလူထုအပေါ် သိပ်ပြီး ထိခိုက်နစ်နာမှု မရှိပါဘူး၊ ဒါကြောင့် ဒီဟာကို ဆက်မထားရင်လည်း ဒီအစိုးရကို လွှတ်ပေးရာကျမယ်။ ဒါကြောင့် ဆက်ထားဖို့ သင့်တယ် ဆိုတဲ့အကြောင်း သူပြောပြတာပေါ့။ ဒေါ်စုတို့ကလည်း သူတို့ထုတ်ထားတဲ့ဟာကို ပေးပြီးသားပေါ့။ ကျနော်တို့ ကလည်း ၁၀ ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာစာတမ်းကိုလည်း ပေးဝေထားပြီးသားလေ။ ပါးစပ်နဲ့ အလွတ် စကားပြောကြတာပေါ့။”

ရန်ကုန်နဲ့ ဘန်ကောက်မှာ အခြေစိုက်တဲ့ EU က သံအမတ်ကြီးတွေ၊ သံအရာရှိ ၂၀ ကျော်နဲ့အတူ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေ၊ မွန်ဒေသလုံးဆိုင်ရာ ပါတီက နိုင်ငွေသိမ်း၊ ရခိုင်ပါတီက ဦးလှစော၊ ရှမ်းပါတီက ဦးစောသန်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

EU ရဲ့ ပိတ်ဆို့မှုကို မြန်မာ့နိုင်ငံရေးပါတီ တချို့ သဘောထား ကွဲလွဲမှု ရှိနေသလို EU ဥရောပသမဂ္ဂအဖွဲ့ထဲ မှာလည်း ဒီပိတ်ဆို့မှု ဆက်ထားသင့်တယ်ဆိုတဲ့ သဘောထားတွေနဲ့ ရုပ်သိမ်းသင့်တယ်ဆိုတဲ့ အယူအဆတွေ လည်း ရှိတာမို့ အခုလို နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေ ကြိုတင်သိလိုတာကြောင့် တွေ့ဆုံတာ ဖြစ်တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။

“ကျနော်တို့လိုပဲ သူတို့လည်း အယူအဆ ကွဲပြားမှု ရှိနေတာပဲပေါ့။ အထူးသဖြင့်တော့ Targeted Sanction လို ဟာမျိုးပေါ့။ အဲဒါမျိုး ဆက်ထားသင့်တယ်လို့ ပြောတဲ့သူ ရှိတယ်၊ တချို့ကတော့လည်း ဒါကို ပြန် ရုပ်သိမ်း တာ သဘောကျတယ်ဆိုတဲ့သူ ရှိတယ်။ သူတို့ကတော့ နားထောင်တာပဲပေါ့။ နားထောင်ပြီးတော့မှ အားလုံးကို သူတို့က ပြန်သုံးသပ်ပြတာကတော့ ခင်ဗျားတို့ထဲမှာ အယူအဆ ကွဲနေတာတော့ ရှိတယ်ပေါ့။ သဘောထား မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံးက ရည်ရွယ်ချက်တွေ အကုန်လုံး တူကြတာပဲ။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာတော့ လိုချင်ကြတယ်။ အဲဒါတွေတော့ အကုန်လုံး တူကြတာပဲ။ သုံးသပ်ပြတယ်ပေါ့။

“နောက်ပြီးတော့မှ သူတို့က မေးခွန်းလေးတွေ ၂ ခု၊ ၃ ခု မေးတာပေါ့ဗျာ။ ဘာဖြစ်လို့ တချို့က ရွေးကောက်ပွဲ ဝင်တာဟာ ဘယ်လိုအကြောင်းတွေကြောင့် ဝင်တာလဲ၊ ရွေးကောက်ပွဲ မဝင်တာက ဘာကြောင့်တုန်း၊ ဒါလေးတွေပေါ့၊ နှစ်ခု အပြန်အလှန်။ နောက်တခုက ခင်ဗျားတို့ ဘာလို့ အားလုံး ညီညီညွတ်ညွတ် မရှိသေးတာတုန်း။ ညီညီညွတ်ညွတ်နဲ့ လုပ်လို့ရမလား၊ ဘာတွေလုပ်နိုင်တုန်း၊ ဆိုတာ အဲဒါလေးတွေ မေးတာပေါ့။”

မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း မလုပ်ဆောင်နိုင်ဘူးလား ဆိုတဲ့ EU ဘက်က မေးခွန်းကိုတော့…

“ဒေါ်စုကလည်း ပြောတာ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးလားလို့ မေးတော့ သူက လုပ်နိုင်ပါတယ်တဲ့။ ကျနော်တို့ကလည်း လုပ်နိုင်ပါတယ်၊ သို့သော် Issue ပေါ် မူတည်လို့ သဘောထား တူညီတဲ့ဟာတွေဆို ကျနော်တို့ အတူတွဲလုပ်မှာပါပဲလို့၊ အဲဒီလို ဖြေကြတာပေါ့။”

ဒီကနေ့ EU အဖွဲ့နဲ့ မြန်မာ့နိုင်ငံရေးပါတီ တချို့ တွေ့ဆုံကြတဲ့အထဲမှာ အခုလို EU ရဲ့ ပိတ်ဆို့ အရေးယူ ထားမှုအပေါ် အဓိက ဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား အရေးအပြင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေ ကိုပါ မေးမြန်းခဲ့ကြတယ်လို့ ဦးသုဝေက ပြောပါတယ်။

“တိုင်းပြည်ရဲ့ အလားအလာ ဘယ်လိုရှိသလဲပေါ့၊ အဲဒါလေးတွေ မေးတာပါ။ အထူးသဖြင့်တော့ သူက လူမျိုးစုတွေကို မေးတယ်။ လူမျိုးစုတွေက သူတို့ကလည်း ပြဿနာက ရှိတယ်။ အဲတော့ အကယ်၍များ ဒီအစိုးရ မရှိတော့ဘူး ဆိုရင်ရော၊ Sanction တွေ ရုပ်သိမ်းသွားပြီးရင်ရော ခင်ဗျားတို့ လူမျိုးစုတွေရော ညီညီညွတ်ညွတ် ရှိပါ့မလား၊ တညီတညွတ်တည်း ဟုတ်ပါ့မလားပေါ့။ အဲတော့ ညီညွတ်အောင် ဘာတွေ လုပ်သင့်သလဲဆိုတာ သူက မေးတာပေါ့။

“ကျနော်တို့က Sanction တွေအားလုံး ရုပ်သိမ်းချင်တယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ Sanction ကို ဆက်လက် ထားသင့်သေးတယ်လို့ ပြောတဲ့ အယူအဆ ကွဲလွဲမှုကတော့ ဒါ သူ့အယူအဆနဲ့ ကိုယ့်အယူအဆနဲ့ ဒီလို မတူတာလေးတွေတော့ ဆက်ပြီး ရှိနေပါတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်မညှိနိုင် သေးပါဘူး။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဥက္ကဋ္ဌ ဦးသုဝေက ဒီကနေ့ သူတို့နဲ့ EU နိုင်ငံက သံအမတ်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားနဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG