သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာစစ်တပ်က အရေးယူ


ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ဝဲ)၊ ဗိုလ်ချုပ်မောင်မောင်စိုး (ယာ)
ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ဝဲ)၊ ဗိုလ်ချုပ်မောင်မောင်စိုး (ယာ)

EU ဥရောပသမဂ္ဂကနေ သူတို့ ဒဏ်ခတ်အရေးယူလိုက်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ ၇ ဦး ရဲ့ အမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာ အဲဒီစာရင်းမှာပါနေတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်းဆိုင်ရာ အရေးယူလိုက်ကြောင်း မြန်မာစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကြေညာချက်မှာ EU ရဲ့ အရေးယူမှုနဲ့ ပတ်သက်နေတယ်လို့ ဖေါ်ပြထားခြင်းမရှိပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်မှာ ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

တနင်္လာနေ့က ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ ကြေညာချက်အရဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရာမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ၂၀၁၈ခုနှစ် မတ်လ ၆ ရက်နေ့ကတည်းက တာဝန်ထမ်းဆောင်ခွင့်ကို ရပ်နားထားတာဖြစ်ပါတယ်။ အခုတော့ ကြည်း ၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၈ ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်က ထုတ်ပယ်လိုက်ပြီလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးအနေနဲ့ ၂၀၁၆ အောက်တိုဘာလကနေ ၂၀၁၇ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး အရေးပေါ်ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကြိုတင်စီမံဖို့ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ကွပ်ကဲတဲ့ ကာလအတွင်း စီမံဆောင်ရွက်ချက်တွေမှာ လိုအပ်ချက်တွေရှိခဲ့သလို အထိုက်အလျောက် တာဝန်ရှိခဲ့သူဖြစ်ပြီး ဒါတွေဟာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် လို့ တွေ့ရှိရတဲ့အတွက် ၂၀၁၈ခုနှစ် မေလ ၂၂ ရက်နေ့ကတည်းက ရာထူးကနေ မိမိဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုထားတာဖြစ်တယ်လို့ တပ်မတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို မြန်မာစစ်တပ်က သူတို့ရဲ့ အရေးယူမှုပိုင်းဆိုင်ရာကို ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို သုံးသပ်ပါတယ်။

"စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကို ဂရုမစိုက်ဘူးဆိုတာ အလွန်ရှင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို ထုတ်ပယ်တယ်ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ဒီလို ရာဇဝတ်မှုကျူးလွန်တာတွေကို ဖုံးကွယ်ဖို့ ပျက်ကွက်ခဲ့တာဖြစ်နိုင်ပါတယ်။ စစ်တပ် လုပ်ခိုင်းတဲ့ အတိုင်းအတာထက် ပိုပြီးအဆမတန် လုပ်မိတာ ဥပမာ ရိုဟင်ဂျာတချို့ကိုပဲ သတ်ဖို့ စစ်တပ်က လိုလားပေမယ့် အများအပြား သတ်လိုက်တာ၊ အကြမ်းဖက်မှု အမြောက်အများကျူးလွန်ခဲ့တာ ဒါမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နောက် ဖြစ်နိုင်တာက ထုတ်ပစ်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေက အလွန်မောက်မာခဲ့တာ ဒါမှမဟုတ် လာဘ်စားခဲ့တာ၊ စစ်ဆင်ရေးကာလအတွင်း နည်းဥပဒေတွေအတိုင်း မဆောင်ရွက်ခဲ့တာ၊ အမိန့်မလိုက်နာတာ စတာတွေဖြစ်နိုင်ပါတယ်။ အပြင်ကလူတွေအနေနဲ့ ဒီဗိုလ်ချုပ်နှစ်ဦးကို ဘာကြောင့်ထုတ်လိုက်သလဲဆိုတဲ့ နောက်ကွယ်အကြောင်းအရင်းကို သိဖို့ခက်ပါတယ်။

ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေအတွက် အခုလို စစ်အရာရှိတွေကို ထုတ်ပယ်လိုက်ရုံနဲ့ကိစ္စ မပြီးသွားဘူးလို့ Brad Adams ကပြောပါတယ်။

"တရားစီရင်ရေးရှိဖို့ လိုအပ်တာပါ။ အခုလို စစ်ဗိုလ်ချုပ် နှစ်ဦးကို ရားထူးတာဝန်က အနားပေးလိုက်ပြီး လွတ်လွတ်လပ်လပ်နဲ့ အပြင်မှာ နေထိုင်ခွင့်ရနေတာဟာ တရားမျှတမှု မရှိပါဘူး။ ဒီလူတွေအနေနဲ့ ပင်စင်တွေ ရကောင်းရနိုင်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုလည်း ထိခိုက်မှု ရှိချင်မှ ရှိမှာပါ။ သူတို့ကို စစ်တပ်က ထုတ်ပယ်လိုက်ရုံသက်သက် ဆိုတဲ့ အခြေအနေကိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာတွေပဲဖြစ်ဖြစ် လက်ခံမှာမဟုတ်ပါဘူး။"

EU ရဲ့အရေးယူမှုထဲမှာပါနေတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှု လို့ ဆိုလာတဲ့အတွက် မြန်မာစစ်တပ်ရဲ့ သဘောထားအမြင် ပြောင်းလဲမှုရှိလာတယ်လို့ သုံးသပ်ပါသလားဆိုတဲ့ မေးခွန်းကိုတော့-

"စစ်တပ်ရဲ့ကြေညာချက်ဟာ မှန်ကန်တဲ့လမ်းကြောင်း ဖြစ်နိုင်သလို ဘာမှ မျှော်လင့်လို့မရဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်။ ဒါက အစိုးရနဲ့ စစ်တပ်အပေါ်မှာမူတည်ပါတယ်။ တကယ်လို့ အပြုသဘောဆောင် တိုးတက်တဲ့လက္ခာဏာကို မြင်ရဖို့ဆိုရင်တော့ အစိုးရအနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ခွင့်ပြုသင့်သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ ကိုလည်း နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုသင့်ပြီး၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြစ်မှုရေးရာ စုံစမ်းမှုတွေကို ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဦးဆောင်သင့်ပါတယ်။"

ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက် အပြုံလိုက်မောင်းထုတ်ခဲ့မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဒဏ်ခတ် အရေးယူတဲ့ စစ်ဘက်နဲ့ လုံခြုံရေးဘက် အရာရှိ (၇)ဦးစာရင်းနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့-

စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ဟာ အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ၂ဝ၁၅ ဩဂုတ်ကနေ ၂ဝ၁၇ ခုနှစ်အကုန်အထိ ကြီးကြပ်ခဲ့ရသူ ဖြစ်လို့ အဲဒီ ကာလ အပိုင်းအခြား အတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။

ဒုတိယဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ကာလအတွင်း ရိုဟင်ဂျာတွေကို ညှမ်းပမ်းနှိပ်စက်မှုနဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှု တွေ ကျူးလွန်ရာမှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုဟင်ဂျာ အိမ်တွေနဲ့ အဆောက်အဦတွေကို စနစ်တကျ မီးရှို့ဖျက်စီးမှု စတာတွေပါဝင်ပါတယ်။

ခြေမြန်တပ်မ ၉၉ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ခြေမြန်တပ်မ ၃၃ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး တို့ဟာ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ရပ်တွေအတွက် တာဝန်ရှိသူတွေဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်ကတော့ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ရပ်တွေမှာ တာဝန်ရှိသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

ခုနှစ်ဦးမြောက်ဖြစ်တဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးကတော့ ၂၀၁၇ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင် ကွပ်ကဲတဲ့ ခြေမြန်တပ်မ ၃၃ က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့ EU ဒဏ်ခတ်အရေးယူမှုထဲမှာ ထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG