သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အပေါ် ဒဏ်ခတ်မှု EU တနှစ်ဆိုင်းငံ့


EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton (ဘယ်)၊ စပိန် နိုင်ငံခြားရေး ဝန်ကြီး Jose Manuel Garcia-Margallo (ညာ) နှင့် ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး Carl Bildt (အလယ်) တို့နှင့် လူဇင်ဘတ်မြို့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပွဲ၌ ဆွေးနွေး
EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton (ဘယ်)၊ စပိန် နိုင်ငံခြားရေး ဝန်ကြီး Jose Manuel Garcia-Margallo (ညာ) နှင့် ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး Carl Bildt (အလယ်) တို့နှင့် လူဇင်ဘတ်မြို့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပွဲ၌ ဆွေးနွေး

EU ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်ထားမှုတွေကို လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေး ကလွဲလို့ ယာယီ ရပ်ဆိုင်းထားဖို့ တနင်္လာနေ့ လူဇင်ဘတ်မှာ ကျင်းပတဲ့ EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ကနေ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ အပါအဝင် ဒီမိုကရေစီ ပြုပြင်ရေး တွေ ဆက်ပြီးလုပ်ဖို့ တောင်းဆိုလိုက်ပြီး စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဆက်မလုပ်ခဲ့ရင် ဒဏ်ခတ် အရေးယူမှုကို ပြန်ထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဒီသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်သလို မြန်မာနိုင်ငံမှာ EU ရုံးဖွင့်ဖို့ လုပ်ဆောင် သွားမယ် လို့လည်း ပြောပါတယ်။

တနင်္လာနေ့က ဥရောပ သမဂ္ဂ ကောင်စီမှာ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံက ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဆောင်ပေးတာ အပါအဝင် မကြာခင်လတွေ အတွင်း ပြောင်းလဲမှုတွေ မြင်လာရတာမို့ ဥရောပသမဂ္ဂ ကောင်စီက ကြိုဆိုလိုက်သလို ဒီပြုပြင်ပြောင်းလဲမှုတွေ အတွက် အီးယူက မြန်မာနိုင်ငံနဲ့ ဆက်ဆန်ရေး ကဏ္ဍသစ် တရပ် ဖွင့်လှစ်တော့မယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပြုပြင်မှုတွေကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်ထားမှုတွေကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်တာကလွဲပြီး ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဥရောပ သမဂ္ဂကောင်စီရဲ့ ဒုဥက္ကဌ လည်းဖြစ် အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲလည်းဖြစ်တဲ့ ကက်သရင်း အက်ရှ်တန် Catherine Ashton က ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် EU ကနေ ချမှတ်ထားတဲ့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေး ကလွဲလို့ တခြား ပိတ်ပင်မှု တွေကို ယာယီ ရပ်ဆိုင်း ထားလိုက်ပါတယ်။ EU ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သမ္မတ ဦးသိန်းစိန်နဲ့ပါ မြန်မာနိုင်ငံ အနာဂတ်အတွက် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

ဒါပေမယ့် မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အပြောင်း အလဲတွေ ဆက်ပြီး လုပ်ဖို့ လိုအပ်သလို အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲ ဖြစ်ပွါး နေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် စီးပွါးရေး နဲ့ နိုင်ငံရေး လူမှုရေး တိုးတက် ပြောင်းလဲအောင် လုပ်ဆောင်ဖိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဥရောပ သမဂ္ဂမှာ သြဇာညောင်းတဲ့ ဗြိတိန် နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် William Hague ကတော့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမယ့် စိုးရိမ်ဘွယ် အနေထားတွေ ဆက်တွေ့ နေရတာမို့ တကယ်လို့ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဆက်မတွေ့ရရင် အချိန်မရွေး ဒဏ်ခတ်မှုကို ပြန်ချမှတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိုးရိမ်မှု တွေ ကတော့ ရှိနေဆဲပါပဲ။ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတချို့မှာ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲ တွေ ဖြစ်ပွါးနေဆဲ ဖြစ်သလို လူ့အခွင့် အရေး ချိုးဖေါက်မှု တွေကလည်း ကြီးကြီးမားမား ဖြစ်နေ တာမို့ပါ။ ဒါ့အပြင် ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးသလို ဒီကနေ့ ဆိုရင်လည်း အတိုက်အခံအဖွဲ့က လွှတ်တော်တက်ဖို့ အတွက် ကျမ်းသစ္စာ ကျိန်ဆိုရမှာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါတွေကြောင့် ဒဏ်ခတ်မှုကို အပြီးအပိုင် ရုတ်သိမ်းပေး ထားထက် ယာယီ ရပ်ဆိုင်းတာမျိုးပဲ လုပ်ဖို့နဲ့ တကယ်လို့ မြန်မာနိုင်ငံက ပြောင်းလဲရေးဟာ လမ်းမှန်ပေါ်မှာ မရှိဘူး ဆိုရင် အချိန်မရွေးပြန်ချမှတ်ဖို့ ကအကောင်းဆုံးဖြစ်မှာပါ”

အီးယူနဲ့ မြန်မာနိုင်ငံ ထိတွေ့ ဆက်ဆန်ရေးမှာ မြန်မာအစိုးရနဲ့ သာမက ဒေသ အာဏာပိုင်တွေနဲ့ပါ တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းရေး ရအောင် ပူးပေါင်း ဆောင်ရွက်ဖို့ အပြင် လူမှုရေး စီးပွါးရေး ဖွံ့ဖြိုး တိုးတက်စေဖို့ များပြားတဲ့ ကူညီထောက်ပံ့ငွေတွေ ချထားပေးဖို့ နဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး နဲ့ လူ့အခွင့်ရေး လေးစားမှု ရှိစေရေး အတွက် တရားရေးဌာန နဲ့ရော မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်ကိုပါ အကူညီတွေ ပေးအပ်ဖို့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲပ ကုန်သွယ်မှုတွေ လုပ်ဖို့ အားပေးရာမှာ မြန်မာနိုင်ငံက အဓမ္မ လုပ်အား ခိုင်းစေမှုအပါအဝင် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ နဲ့ ပါတ်သက်ပြီး ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ကြီး က စစ်ဆေး ဆောင်ရွက်နိုင်မယ် ဆိုရင် GSP လို့ခေါ်တဲ့ စီးပွါးရေး ဆိုင်ရာ အထူး အခွင့်အရေး တရပ်ကို ပြန်လည် ချထားပေးဖို့လည်း ဥရောပသမဂ္ဂကောင်စီက ပံ့ပိုးပေးမှာ ဖြစ်ကြောင်း လည်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ဖို့ လုပ်ဆောင်နေသလို အီးယူ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ ကက်သရင် အက်ရှ်တန်က ဒီသီတင်းပတ် ကုန်မှာ သူမြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောပါတယ်။

“ဥရောပကောင်စီရဲ့ ဆုံးဖြတ်ထားချက်တွေကို ပြောကြားဖို့ အတွက် ဒီသီတင်းပတ်ကုန်မှာ ကျမ မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ EU ရုံးဖွင့်ဖို့လည်း လုပ်သွားမှာ ဖြစ်ပါတယ်”

မစ္စအက်ရှ်တန်က မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိတယ် လို့ လည်းပြောပါတယ်။

ဥရောပသမဂ္ဂကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေ အတွက် အီးစီရဲ့ အီတလီ နိုင်ငံခြားရေး ဝန်ကြီး ဂူလီယို တာဇီ အက်ဂတာ Giulio Terzi Agata ကရော အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီ ဂါဝါ Marty Nataligawa ကပါ ကြိုဆိုလိုက်ကြပြီး ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှု နဲ့ တိုးတက်မှုအတွက် အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG