သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ - အာဆီယံစည်းဝေးပွဲမှာ မြန်မာစစ်အစိုးရ ဖိအားပေး ပြောဆိုခံရဖွယ်ရှိ


အီးယူ - အာဆီယံစည်းဝေးပွဲမှာ မြန်မာစစ်အစိုးရ ဖိအားပေး ပြောဆိုခံရဖွယ်ရှိ
အီးယူ - အာဆီယံစည်းဝေးပွဲမှာ မြန်မာစစ်အစိုးရ ဖိအားပေး ပြောဆိုခံရဖွယ်ရှိ

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ စပိန်နိုင်ငံ Madrid မြို့မှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အီးယူ အာဆီယံ စည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကို ပြောဆိုသွားမယ်လို့ အီးယူရဲ့အလှည့်ကျ သဘာပတိ တာဝန် ယူထားတဲ့ စပိန်နိုင်ငံက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ စပိန်နိုင်ငံ Madrid မြို့မှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် အီးယူ အာဆီယံ
စည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ကို တိုက်တွန်း ပြောဆိုသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ သဘာတိ တာဝန်ယူထားတဲ့ စပိန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်နည်းတူ ထိတွေ့ ဆက်ဆံရေးမူကို ချမှတ် ကျင့်သုံးလိုတဲ့အကြောင်းလည်း အီးယူ - အာဆီယံ စည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ စပိန်အစိုးရ အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အီးယူနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နိုင်ငံရေးအရ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲကို အီးယူရဲ့ အလှည့်ကျ သဘာပတိ နိုင်ငံဖြစ်တဲ့ စပိန်က လက်ခံကျင်းပနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ဒီစည်းဝေးပွဲကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီအရေးဖော်ဆောင်ရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် ဒီစည်းဝေးပွဲကို လာတက်နေ စစ်အစိုးရနိုင်ငံခြားရေဝန်ကြီးကို ဖိအားပေး တိုက်တွန်းသွားမယ်လို့ စပိန်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ် ဆက်ဆံရေး တာဝန်ခံ Jose Eugenio Salarich က ဗီအိုအေကို ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအစည်းဝေးမှာရော၊ မကြာခင် ဥရောသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ်နဲ့ မြန်မာစစ်အစိုးရက နိုင်ငံခြားရေးကြီး တွေ့ဆုံကြတဲ့အခါမှာရော မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေ၊ တိုင်းပြည်တခုလုံးက အခြေအနေတွေနဲ့ လမ်းပြမြေပုံကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။”

မြန်မာပြည်အတွင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးအတွက် အာဆီယံနိုင်ငံတွေတင်မကဘူး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတိုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ မစ္စတာ ဆာလာရစ်ချ်က ပြောပါတယ်။

“မြန်မာပြည်အပေါ် ချမှတ်လုပ်ဆောင်မယ့် ကျနော်တို့ရဲ့ ပေါ်လစီ မူဝါဒတွေနဲ့ သူတို့ဖြစ်ချင်တဲ့ ပေါ်လစီတွေ အောင်မြင်ဖို့အတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ အဲဒီလို နှစ်ဦး နှစ်ဘက်လိုလားတဲ့ ပေါ်လစီတွေ ထမြောက် အောင်မြင်အောင် လုပ်ဆောင်ဖို့က အတော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ အမေရိကန်တို့၊ ဂျပန်တို့၊ သြစတေးလျတို့နည်းတူ တရုတ်နဲ့ အိန္ဒိယတို့လည်း ကျနော်တို့နဲ့အတူ ပူးပေါင်း လုပ်ဆောင်လာတာကိုက အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကြိုးပမ်းနေတဲ့ ပေါ်လစီတွေ အောင်မြင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရအပေါ် တဘက်မှာ အခုလို ဖိအားပေး ပြောဆိုတာတွေ ရှိနေသလို တဘက်မှာလည်း စစ်အစိုးရအပေါ် လက်ရှိ ကျင့်သုံး နေတဲ့ ပိတ်ဆို့အရေးယူမူဝါဒဟာ အောင်မြင်မှုမရှိဘူးဆိုတဲ့ အယူအဆကို စပိန်အစိုးရက ပြောင်းလဲ ခံယူလာနေပါတယ်။

အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားအစိုးရလိုပဲ အတိုင်းအတာတခုထိ ထိတွေ့ ဆက်ဆံရေးမူကို ချမှတ်ကျင့်သုံးဖို့ စပိန်နိုင်ငံက လိုလားနေတာပါ။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အခုနှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိစ္စ လေ့လာဖို့အပြင် ပိတ်ဆို့အရေးယူရေးနဲ့ ထိတွေ့ ဆက်ဆံရေး မူဒတွေကို ဘယ်လို ပေါင်းစပ် ချမှတ်နိုင်မလဲဆိုတာတွေ လေ့လာ သုံးသပ်ဖို့ အီးယူ ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွတ်နိုင်ဖို့ စပိန်နိုင်ငံက ဦးဆောင်စီစဉ်နေတာပါ။

“အမေရိကန်နိုင်ငံက မကြာခင်က အထူးကိုယ်စားလှယ် စေလွှတ်ခဲ့သလိုမျိုးပဲ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး အခြေအနေတွေကို လေ့လာ သုံးသပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ကျနော်တို့ အနေနဲ့ အကောင်းဆုံး ဘယ်လို ကူညီ ပံ့ပိုးပေးနိုင်မလဲဆိုတာကို ဆွေးနွေး တိုင်ပင်နိုင်ဖို့ အီးယူအနေနဲ့လည်း ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွတ်နိုင်ဖို့ စီစဉ်နေပါတယ်။”

အီးယူကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မကြာခင် သီတင်းပတ် အနည်းငယ်အတွင်းမှာ မြန်မာပြည်ကို သွားနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ အဓိကကတော့ မြန်မာစစ်အစိုးရနဲ့ ခရီးစဉ်အသေးစိတ် အကြောင်းအရာတွေကို ဆွေးနွေး တိုင်ပင် နေဆဲဖြစ်တာကြောင့် ဘယ်တော့ အတိအကျသွားနိုင်မယ်ဆိုတာ မသိရသေးတာလို့ သူက ပြောပါတယ်။

ဥရောပသမဂ္ဂမှာ စပိန်အစိုးရ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ ကာလအတွင်း အီးယူကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားဖြစ်ခဲ့ ရင်တော့ သူကိုယ်တိုင် ဒီအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ Jose Salarich က ပြောပါတယ်။

XS
SM
MD
LG