သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲတရားမျှတရေး ဖွံ့စည်းပုံကိုပြင်ဖို့ မြန်မာကို EU တိုက်တွန်း


၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆာ်ရေးဆိုင်းဘုတ်
၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆာ်ရေးဆိုင်းဘုတ်
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးလုပ်သွားဖို့ အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီ နိုင်ငံတရပ်နဲ့အညီဖြစ်အောင်နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူဖြစ်စေဖို့ ပြီးပြည့်စုံတဲ့ သုံးသပ်မှုတွေ လုပ်ဖို့ကိုလည်း အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံး မျှမျှတတ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အများ ယုံကြည်တဲ့၊ ပွင့်လင်း မြင်သာတဲ့ အားလုံးပါဝင်နိုင်တဲ့အခြေအနေဖြစ်သင့်တယ်လို့လည်း ထောက်ပြ သွားပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာကောင်စီရဲ့ မနေ့က အစည်းအဝေးအတွင်း မြန်မာနိုင်ငံအရေးကိစ္စကို ဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ရေးကို တိုက်တွန်းမှုအပါအဝင် အချက် ၁၂ ချက်ကို ဆုံးဖြတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေရဲ့ အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းပြီး လူ့အခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးကို အာမခံချက်ပေးဖို့ကိုလည်း အီးယူ ဥရောပသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ လူမှုအသိုင်းအဝိုင်းတွေအကြား အပြန်အလှန် ငြိမ်းငြိမ်းချမ်းချမ်း လေးစားမှုတွေရှိလာစေဖို့အတွက် ဖွံ့ဖြိုးရေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ သင့်မြတ် နားလည်မှု ဖြစ်လာစေရေး အစီအစဉ်တွေ ဆောင်ရွက်ဖို့ကိုလည်း အီးယူအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်တွန်းတယ်လို့ ဖော်ပြပါတယ်။

မကြာသေးခင်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တဲ့အပေါ်မှာ ကြိုဆိုသလိုပဲ အခု ၂၀၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ဆက်ပြီး ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးခွဲထားရှိဖို့ကိစ္စအပါအဝင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြံပြုချက်တွေကို လေးစားလိုက်နာဖို့ ကိုလည်း အီးယူ တိုက်တွန်းခဲ့ပါတယ်။ တချိန်တည်းမှာတော့ လာမယ့် ၂၀၁၄-၂၀၂၀ ခုနှစ်ကာလ မြန်မာနိုင်ငံနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို သိသိသာသာ တိုးမြှင့်လုပ်သွားဖို့ ရှိတယ်ဆိုတာကိုလည်း ဖော်ပြခဲ့ပြီး EU Myanmar Task Force ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာတွေအပေါ်မှာ ကြိုဆိုထားပါတယ်။

အီးယူအနေနဲ့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ မြန်မာ ငြိမ်းချမ်းရေးစင်တာနဲ့ ရဲဌာန ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အကူအညီတွေပေးသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ထွက်လာဖို့ အစုအဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေအတွက်လည်း အီးယူအနေနဲ့ အကူအညီတွေပေးသွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG