သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမိုင်းတင်မည့် ၂ဝ၁၅ မြန်မာရွေးကောက်ပွဲ ဒီမိုကရေစီ နည်းကျဖို့ EU တိုက်တွန်း


EU ဥရောပသမဂ္ဂကောင်စီက ၂ဝ၁၃ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ပြည့်ပြည့်စုံစုံနဲ့ အပြီးသတ်ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုတွေအပေါ် ထောက်ခံအားပေးသွားမှာဖြစ်တဲ့အကြောင်း သံန္နိဌာန်ချမှတ်ထားမှုကို ဆက်လက် ဆွဲကိုင်သွားမယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။

၂ဝ၁၅ နှစ် မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်သလို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေမှုဟာ နောက်ပြန်လှည့်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူနိုင်မယ့် အခွင့်အရေးတခုလည်း ဖြစ်တဲ့အကြောင်း လို့ EU ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပရာမှာဒီမိုကရေစီနည်းကျပြီး အုပ်စုအားလုံး ပါဝင်နိုင်ဖို့အပြင် ပွင့်လင်းမြင်သာမှုရှိဖို့လည်း တိုက်တွန်းထားပြီး နိုင်ငံတွင်းမှာ ရှိတဲ့ လူနည်းစုအားလုံး၊ နိုင်ငံရေးအခွင့်အရေးရကြပြီး မဲပေးပိုင့်ခွင့်ရှိကြဖို့ နဲ့ ပါဝင်ယှဉ်ပြိုင်ကြသူကိုယ်စားလှယ်အားလုံး တန်းတူအခွင့်အရေး ရရှိကြဖို့နဲ့ အထူးသဖြင့် အမျိုးသမီးများ ပါဝင်ခွင့်ကို ထောက်ခံအားပေးဖို့ တိုက်တွန်းထားပါတယ်။

ဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေး သေချာစေဖို့အတွက် အရေးပါတဲ့ အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုရုံးခွင့် စတဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားမှုရှိဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂအနေနဲ့ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖိတ်ကြားချက်ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်တဲ့နေရာမှာ ဥရောပသမဂ္ဂအနေနဲ့ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် တန်ဖိုးထားကြောင်းနဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုတွေ ပြုလုပ် ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီဖြစ်စေဖို့အတွက် ကူညီပံ့ပိုးမှုတွေ ပေးနေကြောင်း သတင်းထုတ်ပြန် ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အရေးပါတဲ့ ပါဝင်သူတွေဖြစ်ကြတဲ့ သမ္မတ၊ လွှတ်တော်သဘာပတိ၊ ကာကွယ်ရေးဦးစီးချုပ်၊ အတိုက်ခံ နိုင်ငံရေးပါတီခေါင်းဆောင်၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေပါဝင်တဲ့ ၆ ပွင့်ဆိုင် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ကျင်းပတာကိုလည်း ဥရောပသမဂ္ဂကောင်စီအနေနဲ့ ကြိုဆိုပါတယ်လို့ ရေးသားထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရတို့ကြား တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးနေတာကို ဥရောပသမဂ္ဂ ကော်မရှင်အနေနဲ့ မျက်ခြေမပြတ်လေ့လာ စောင့်ကြည့်နေပြီး သဘောတူလက်မှတ်ရေးထိုးနိုင်ကြဖို့ ဆက်လက် အားပေး တိုက်တွန်းနေကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်အတိုင်း ငြိမ်းချမ်းရေးနဲ့ တမျိုးသားလုံး ပြန်လည် ရင်ကြားစေ့ရေး အတွက် ခေါင်းဆောင်တွေအားလုံးက အတူတကွ လက်တွဲ လုပ်ဆောင်ကြဖို့ ကိုလည်း EU ဥရောပသမဂ္ဂ ကောင်စီ ရဲ့ သတင်းထုတ်ပြန် ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG