သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂက အစိုးရနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးဖြစ်လာတဲ့ မစ္စတာ ရိုလန်ကိုဘီယာ က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာလည်း EU ဥရောပသမဂ္ဂက ဆက်လက် အကူအညီပေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီး မိတ်ဆက်ပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အဖက်ဖက်က ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုပြီးတော့ ပြည်တွင်းနဲ့ နိုင်ငံတကာကပါ ပြောဆိုနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂနဲ့ အစိုးရအကြား သဘောတူညီမှုတွေ ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ပြောပါတယ်။

“ဒီစီမံကိန်းအတွက် အရင်ဦးဆုံးတော့ ရဲအရာရှိ ၃၀ နဲ့ ၄၀ ကြားကို ရွေးချယ်မှာပါ။ အဲဒီကနေ သူတို့ကို သင်တန်းတွေပေးမှာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြနေသူတွေအကြား ရဲတွေအနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ရဲတွေရဲ့ အဝတ်အစား၊ အသုံးပြုတဲ့ ပစ္စည်းတွေက အစ အဆင့် မြှင့်တင်နိုင်ဖို့တွေလည်း ဆောင်ရွက်ပေးမှာပါ။ အစိုးရကလည်း စိတ်ဝင်စားသလို အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လုပ်သင့်တယ်ဆိုပြီးတော့ ပြောဆိုနေပါတယ်။ ဒီစီမံကိန်းကြီးကို ဒီနှစ်ကုန်ပိုင်းမှာ စတင်နိုင်မယ်လို့ ထင်ပါတယ်။”


လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ အဓိကရုဏ်း ဖြေရှင်းတဲ့နေရာမှာ အားနည်းချက်တွေရှိသလို၊ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှုတွေမှာလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ဖူးပါတယ်။

ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ EU အနေနဲ့ ကျေနပ်မှုရှိပြီးတော့ နိုင်ငံရေး အခြေအနေတွေလည်း ဒီထက်ပိုပြီး ပွင့်လင်းလာဦးမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“မြန်မာနဲ့ EU အကြား ပြန်ပြီး ထိတွေ့ဆက်ဆံမှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြန်ပြီး ဖြစ်လာခဲ့တာပါ။ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သလို တနိုင်ငံနဲ့ တနိုင်ငံအကြား ထိတွေ့မှု ရှိလာတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း အလျှင်အမြန် ပြန်ဖွင့်ပေးခဲ့ပါတယ်။ GSP လို့ခေါ်တဲ့ အထူး ကုန်သွယ်မှု အခွင့်အရေးတွေလည်း ပြန်ပြီးတော့ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် ပွင့်လင်းမှုတွေနဲ့အတူ အခွင့်အရေးတွေလည်း ထပ်ရဖို့ ရှိမှာပါ”

ဒါ့အပြင် လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ ကိုလည်း EU အနေနဲ့ စောင့်ကြည့်သွားမယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း ဥရောပသမဂ္ဂအနေနဲ့ ကူညီမှုတွေ လုပ်ဆောင်ပေးနေပြီးတော့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားတွေနဲ့ အမြန်ဆုံး ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖြစ်နိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး ညှိနှိုင်းနိုင်ဖို့ ယုံကြည်ပါတယ်။ မြန်မြန်ကြီး ပြေလည်နိုင်ဖို့တော့ ခက်ပါတယ်။ ဒါကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် နောက်မျိုးဆက်တွေအတွက် ဒီပြဿနာတွေ မကျန်ခဲ့ဖို့ လိုပါတယ်။ EU အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် အကောင်းဆုံး ကူညီပေးသွားမှာပါ။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ကူညီပေးဖို့ ရှိပြီးတော့ လက်ရှိ ဒုက္ခသည်စခန်းတွေ ပြန်လည် ဆောက်ပေးတာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျွမ်းကျင်သူတွေ ငှားရမ်းပေးတာတွေကိုလည်း ဥရောပသမဂ္ဂက လုပ်ဆောင်ပေးနေတယ် ဆိုပြီးတော့လည်း ပြောပါတယ်။

လာမယ့်နိုဝင်ဘာအတွင်းမှာ မြန်မာနဲ့ EU အကြား စီးပွားရေး အထူးအဖွဲ့တွေ တွေ့ဆုံဖို့ ရှိပြီးတော့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းတွေကို အဓိကထား ဆွေးနွေးဖို့တွေ ရှိနေတယ်ဆိုပြီး သံအမတ်ကြီးက ပြောခဲ့ပါတယ်။
XS
SM
MD
LG