သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးမည်


ٹمبر مارکیٹ میں آتشزدگی کے واقعے کے بعد علاقہ مکینوں نے دوسرے علاقوں میں منتقل ہونا شروع کردیا۔
ٹمبر مارکیٹ میں آتشزدگی کے واقعے کے بعد علاقہ مکینوں نے دوسرے علاقوں میں منتقل ہونا شروع کردیا۔
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေ သိသိသာသာ ဖြစ်ပေါ်လာစေဖို့ EU ဥရောပသမဂ္ဂက ဘာတွေ အကူအညီပေးနိုင်မယ်ဆိုတာ သိရအောင် EU နဲ့ မြန်မာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲတွေနဲ့ အမြင်ချင်းဖလှယ်မယ်လို့ EU ကပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အီးယူ-ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကြား လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲတွေနဲ့ အမြင်တွေဖလှယ်ကြဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲလည်းဖြစ်၊ ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ Catherine Ashton ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာသမ္မတရုံး ဝန်ကြီးဦးစိုးသိန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့ အတွင်း တွေ့ဆုံကြမှာဖြစ်ပါတယ်။

ကုန်စည်ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ- ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Antonio Tajani ဥရောပကော်မရှင်အဖွဲ့က ဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တာဝန်ခံ Andris Piebalgs - စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးတာဝန်ခံ Dacian Ciolos တို့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အခုလို လာရောက်တာဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးတာကြောင့် ကူညီဖို့ဖြစ်တယ်လို့ မစ္စ အက်ရှ်တန်ရဲ့ ပြောခွင့်ရ Maja Kocijancic ကပြောပါတယ်။

“အခုလိုလာရောက်တာဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးကူညီဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တကယ်အရေးပါတဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်နေတာတွေ့ရပေမယ့် လုပ်စရာတွေ အများကြီးကျန်နေသေးတာမို့ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုတွေ ဖြစ်လာစေဖို့ သာမက ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့ပါ ရည်ရွယ်တာမို့ ဘာတွေ အကူညီပေးရမယ်ဆိုတာ သိရအောင် အခုလို လုပ်ငန်းအဖွဲ့ ဖွဲပြီး ဆွေးနွေးမှုတွေ လုပ်ရတာပါ။”

ဥရောပသမဂ္ဂအနေနဲ့ အခုလိုလုပ်ငန်းအဖွဲ့ဖွဲ့ပြီးဆောင်ရွက်တာဟာ တူနီးရှား၊ ဂျော်ဒန်နဲ့ အီဂျစ်ပြီးရင် မြန်မာနိုင်ငံဟာ အီးယူပြင်ပနိုင်ငံတွေထဲမှာ ပထမဆုံးဖြစ်သလို အာရှမှာလည်း ပထမဆုံး ဆောင်ရွက်တာ ဖြစ်တယ်လို့ လည်းပြောပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ပထမဆုံး မြန်မာနိုင်ငံဘက်က လိုအပ်တာတွေကို သိဖို့ လိုတယ်လို့ဆိုပါတယ်။

“အီးယူအနေနဲ့ ပထမဆုံး မြန်မာအာဏာပိုင်တွေဘက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ချင်တဲ့ အစီအစဉ်တွေကို ကြားသိရဖို့ လိုပါတယ်။ ဒီအထဲမှာ စီးပွားရေးဆိုင်ရာ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လုပ်နေတယ်၊ လာမယ့်နှစ်အတွက် ဘာတွေ စီစဉ်ထားတယ် ဆိုတာမျိုးတွေကို သိရဖို့ လိုအပ်ပြီး ဒီလိုသိရမှ အီးယူဘက်က ဘာတွေ လုပ်ပေးနိုင်မယ် ဆိုတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။”

အစိုးရဘက်ကအမြင်အပြင် အီးယူအနေနဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေအားလုံးရဲ့ အမြင်ကိုပါ သိချင်တာမို့ လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ရော၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီကသာမက နိုင်ငံရေးပါတီတွေရဲ့ အမြင်တွေကိုပါ သိဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အတိုက်အခံထဲက အဓိကဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို သိရဖို့လိုတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အတိုက်အခံပါတီကြီးရဲ့ ခေါင်းဆောင်တဦးအနေနဲ့ သူ့ရဲ့ အမြင်တွေကိုသိဖို့ လိုပါတယ်။ လာမယ့်နှစ်မှာ ဘာတွေလုပ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးဖို့ ဒီတွေ့ဆုံပွဲတွေ အတွင်း စီစဉ်ထားပါတယ်”

မေး။ ။ အီးယူအနေနဲ့ မြန်မာနိုင်ငံအတွက် ဘယ်ကဏ္ဍတွေမှာ အဓိကပံ့ပိုးပေးဖို့ စဉ်းစားနေပါသလဲ။

“ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဒီအထဲမှာ ဒီမိုကရေစီရေး တိုးတက်လာစေဖို့ လူ့အခွင့်ရေးဆိုင်ရာမှာရော တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့ပါ လိုအပ်သလို ဖွံ့ဖြိုးရေးအတွက်ကတော့ အခြေခံဖြစ်တဲ့ ပညာရေးကဏ္ဍလို ကဏ္ဍတွေမှာ တိုးတက်လာဖို့ အဓိကလိုအပ်နေတာပါ။ ဒါ့ကြောင့် ဘယ်ကဏ္ဍကို ဦးစားပေး ကူညီပံ့ပိုးပေးရမယ် ဆိုတာကို သိရဖို့ ဒီတွေ့ဆုံပွဲတွေမှာ ဆွေးနွေးကြမှာဖြစ်သလို အီးယူက သဘောတူထားတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အီးယူက ဦးစားပေးလုပ်သွားမှာဖြစ်ပါတယ်။”

အခုလို အီးယူ- မြန်မာလုပ်ငန်းအဖွဲ့ ဖွဲ့ပြီးဆွေးနွေးမှုတွေ လုပ်နိုင်တာဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာမှာ သိပ်အရေးပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမယ့် ဦးတင်မောင်သန်းက ပြောပါတယ်။

“အရေးပါတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အဓိက ပံ့ပိုးခဲ့တာ ကူညီခဲ့တာက အီးယူဖြစ်တာကိုး။ ဒါကြောင့်မို့ အီးယူနဲ့ မြန်မာပူးပေါင်းဆောင်ရွက်ရေးကလည်း အရေးကြီးတယ်လို့ ပြောရမှာပေါ့။”

ရန်ကုန်က ကုန်သည်ကြီးများအသင်းမှာ ကြာသပတေးနေ့စတင်မယ့် တွေ့ဆုံပွဲမှာ လူမှု လူ့အဖွဲ့အစည်းတွေ နဲ့ရော စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီတာဝန်ခံတွေအပြင် အသေးစားလုပ်ငန်းရှင်တွေနဲ့ပါ အီးယူအဖွဲ့က တွေ့ဆုံမှာဖြစ်ပါတယ်။ သောကြာနေ့မှာလည်း စီးပွါးရေးနဲ့ နိုင်ငံရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေးတွေအတွက် နေပြည်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
XS
SM
MD
LG