ဗုဒ္ဓဟူးနေ့က အီတလီနိုင်ငံရဲ့ ငွေချေးနှုန်းဟာ ဥရောပ ယူရိုငွေကြေး သုံးစွဲလာခဲ့တဲ့ ကာလအတွင်း အမြင့်နှုန်းစံချိန် ချိုးသွားခဲ့ပါတယ်။ ဒါကြောင့် ဥရောပတိုက်ရဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အီတလီဟာ ဂရိစ်နိုင်ငံမှာ ကြုံတွေ့ရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ကြီးထွားလာနေပါတယ်။
အရောင်းအဝယ်ပါးတဲ့ နေ့မှာဆိုရင် အီတလီမှာ ၁၀ နှစ်အတွင်း ငွေချေးနှုန်းဟာ ၆% အထက်ကို တက်သွားခဲ့ပါတယ်။ အီတလီနိုင်ငံမှာ အခြေခိုင်တဲ့ စီးပွားရေး အဆောက်အအုံ ရှိတယ်ဆိုပေမဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ပိုပြီး ကြီးထွားလာဖို့နဲ့ ယှဉ်ပြိုင်မှုတွေမှာ ပိုပြီး တိုးတက်မှု ရှိလာဖို့ လိုနေသေးကြောင်း ဝန်ကြီးချုပ် ဆီလ်ဗိုင်ရို ဘာလူ့စ်ကိုနီ (Silvio Berlusconi) က အဲဒီနေ့ ဈေးကွက်မပိတ်ခင် လွှတ်တော်မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ ဘဏ္ဍာရေး အခြေအနေကို ပြန်ပြီး ထိန်းညှိနိုင်ဖို့ ဒေါ်လာ သန်းပေါင်းများစွာ ခြိုးခြံချွေတာရေး အစီအစဉ်ကို ပြီးခဲ့တဲ့လကပဲ လွှတ်တော်က အတည်ပြုပေးခဲ့ပေမဲ့ စီးပွားရေး ဈေးကွက်အတွင်း စိုးရိမ်ပူပန်မှုတွေကတော့ လျော့မသွားခဲ့ပါဘူး။
အီတလီ စီးပွားရေးဝန်ကြီး ဂီယူလီယို ထရီမွန်တီ (Giulio Tremonti) က ဥရောပဇုန် ဘဏ္ဍာရေးဝန်ကြီးနဲ့ အရေးပေါ် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း အနည်းငယ်လောက်ပဲ ရရှိခဲ့ကြပြီး သူတို့ရဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေကို ဆက်ပြီး ဆောင်ရွက် သွားကြဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။
စပိန်နိုင်ငံမှာလည်း မကြာခင်ရက်တွေအတွင်း ငွေချေးနှုန်း မြင့်တက်နေမှုနဲ့ အလားတူ ရင်ဆိုင်နေရတာပါ။ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျိုဆေး မဲန်နျူရယ် ဘာရိုဆို (Jose Manuel Barroso) က အီတလီနဲ့ စပိန်နိုင်ငံတွေကို ထောက်ခံကြောင်း ပြောကြားသွားခဲ့ပေမဲ့လည်း ရင်းနှီးမြှုပ်နံှသူတွေကတော့ ဥရောပ ငွေကြေးဇုန် အနေနဲ့ ကြီးထွားလာနေတဲ့ ငွေကြေး အကျပ်အတည်း ပြဿနာကို ပြေလည်အောင် လုပ်ပေးနိုင်မယ့် စွမ်းရည်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဥရောပ ငွေကြေးဇုန်ကရော နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကပါ ထောက်ပံ့ ကူညီမှုတွေကို ရရှိထားကြတဲ့ ဂရိစ်၊ ပေါ်တူဂီနဲ့ အိုင်ယာလန် နိုင်ငံတွေထက် ကျော်လွန်ပြီး ပေါ်လာတဲ့ ပြဿနာတွေအတွက် အခုလို စိုးရိမ်ပူပန်မှုတွေ ပေါ်လာတာ ဖြစ်ပါတယ်။
အီတလီနဲ့ စပိန်နိုင်ငံတွေဟာ တကယ်တော့ ဂရိစ်၊ ပေါ်တူဂီနဲ့ အိုင်ယာလန် သုံးနိုင်ငံပေါင်းရဲ့ ၂ ဆမက စီးပွားရေး အင်အားကောင်းတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ EU ဥရောပသမဂ္ဂက သတ်မှတ်ထားတဲ့ ကြွေးမြီ ကန့်သတ်ချက် ၆၀% ထက် ကျော်လွန်ပြီး အီတလီနိုင်ငံရဲ့ ကြွေးမြီပမာဏဟာ ရာခိုင်နှုန်း ၁၂၀ အထိ မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။