သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပယူရိုငွေကြေး အကျပ်အတည်းတွေ ရင်ဆိုင်နေရဆဲ


ယူရိုငွေကြေး အကျပ်အတည်း ပြဿနာ ဖြေရှင်းနိုင်ရေး ဥရောပအစိုးရတွေက ကြိုးပမ်းနေကြရပါတယ်။

ဇန်န၀ါရီ ၁၀၊ ၂၀၁၁-ဥရောပ ယူရိုငွေကြေး ပြန်လည်အားကောင်းလာစေဖို့ ကြိုးပမ်းနေပေမဲ့ အခက်အခဲတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဥရောပက စီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ ပြင်သစ်စတဲ့ နိုင်ငံကြီးတွေက ဒီနှစ်သစ်ထဲမှာ ဥရောပ ယူရိုငွေကြေး ပြန်လည် တောင့်တင်းခိုင်မာလာစေရမယ်လို့ ဆိုနေကြပေမဲ့ စိမ်ခေါ်မှုတွေကလည်း ရှိနေဆဲပါ။ အထူးသဖြင့်ကတော့ ဥရောပနိုင်ငံတချို့မှာ စီးပွားရေး အင်အားခိုင်ခိုင်မာမာ မရှိလှသေးတာ၊ အမေရိကန်လို စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံမျိုးမှာ အခြေအနေတွေ မရေမရာ ရှိနေတဲ့ ဂယက်တွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေကြရတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတချို့မှာ မနှစ်တုန်းက ကြွေးမြီပြဿနာတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတဲ့ဒဏ်က ပြန်လည်နာလန်ထူလာနိုင်စရာ အခြေအနေတွေ၊ ယူရိုငွေကြေးရဲ့ ရှေ့အလားအလာတွေအပေါ် ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်နေကြသလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၁ နှစ်သစ်ဆန်းပိုင်းအထိ ယူရိုငွေကြေးဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တာမို့၊ ဒါကို တန်ပြန်သွားနိုင်ရေး ဥရောပအစိုးရတွေက ကြိုးပမ်းနေကြရပါတယ်။ ဇန်န၀ါရီလ ပထမပတ်ထဲမှာပဲ ယူရိုငွေကြေးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစလို့ အဆိုးဆုံး သီတင်းပတ် တခုအဖြစ် ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ ဒီအတွက် ဇန်န၀ါရီ ဒုတိယပတ်ထဲမှာတော့ ယူရိုငွေ သန်း ၂ သောင်းကနေ၊ ၂ သောင်း ၂ ထောင်လောက်အထိ တန်ဘိုးရှိတဲ့ အာမခံစာချုပ်စာတမ်းတွေကို ဂျာမဏီ၊ နယ်သာလန်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ တို့က ရောင်းချသွားဖို့ ရှိနေပါတယ်။ ယူရိုငွေကြေး တောင့်တင်းခိုင်မာလာစေဖို့ ရည်ရွယ်တဲ့ ဒီလိုအစီအစဉ် တွေနဲ့အတူ ဥရောပ အစိုးရတွေကလည်း ယူရိုငွေကြေးကို ကျောထောက်နောက်ခံ ပေးသွားမယ့်အကြောင်း ကတိပြု ပြောဆိုထားကြတာပါ။

ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာခဲလ် (Angela Merkel) ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာလည်း ယူရိုငွေကြေး ခိုင်မာလာစေရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“စုစည်းညီညွတ်တဲ့ ဥရောပဟာ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးအတွက် အာမခံပေးနိုင်မယ်၊ ယူရိုငွေကြေးဟာ ဆိုရင်လည်း သာယာဝပြောရေးအတွက် အခြေခံတခုဖြစ်သလို၊ ဥရောပနဲ့ ဘုံငွေကြေးစနစ်တရပ်ဟာ ဂျာမဏီနိုင်ငံအတွက် လိုအပ်ပါတယ်။”

ပြင်သစ်သမ္မတ နစ်ကိုလတ် ဇာကိုဇီ (Nicolas Sarkozy) ကလည်း ဂျာမန်ဝန်ကြီးချုပ်လိုပဲ နှစ်သစ်ကူး မိန့်ခွန်းထဲမှာ အလားတူ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ၊ အထူးသဖြင့်ကတော့ မနှစ်တုန်းက အစိုးရတွေ ကြွေးမြီပြဿနာတွေ ကြုံခဲ့ရတဲ့ ဂရိ၊ အိုင်ယာလန်နိုင်ငံတွေမှာ ငွေကြေး အကူအညီ အထောက်အပံ့တွေ လိုအပ်နေဆဲ ဖြစ်သလို၊ နောက်ထပ် ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာတွေလို စိမ်ခေါ်မှုမျိုးတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ ဗြိတိန်နိုင်ငံထုတ် the Independent သတင်းစာရဲ့ စီးပွားရေး ဆောင်းပါးရှင် Hamish McRae က ပြောပါတယ်။
“စပိန်၊ ပေါ်တူဂီ၊ အီတလီနဲ့ ဘယ်လ်ဂျီယံနိုင်ငံလိုမျိုး ယူရိုငွေသုံး စီးပွားရေး အားပျော့နေတဲ့ ဥရောပနိုင်ငံတွေက အစိုးရတွေရဲ့ အကြွေးတွေကို ဘယ်လို ရှင်းကြမလဲဆိုတာက လတ်တလောကြုံနေရတဲ့ ပြဿနာပါ။”

ကြွေးမြီပြဿနာတွေကို လျှော့ချနိုင်ဖို့၊ ဥရောပနိုင်ငံ အများအပြားကတော့ ချွေတာရေး အစီအမံတွေနဲ့ အစိုးရရဲ့ လုပ်ငန်းတွေ အသုံးစားရိတ်တွေကို ဖြတ်တောက်မှုတွေလည်း လုပ်ဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာတုန်းက ဥရောပသမဂ္ဂ (EU) ရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဆိုရင်လည်း စီးပွားရေး အင်အားချိနဲ့နေတဲ့ ဥရောပနိုင်ငံတွေရဲ့ ပြဿနာကို အာရုံစိုက် ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီထိပ်သီးအစည်းအဝေးပွဲအတွင်း အစိုးရကြွေးမြီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စနစ်တရပ်ကို ဖန်တီးဖို့ သဘောတူညီချက်တွေ ရရှိခဲ့ကြပေမဲ့၊ ၃ နှစ်အတွင်း အပြောင်းအလဲတွေ ဖြစ်လာဖို့တော့ မရှိပါဘူး။ တကယ်တော့ အကြွေးပြဿနာတွေ ဖြေရှင်းနိုင်ရေး ဥရောပနိုင်ငံတွေ မယ်မယ်ရရ မလုပ်နိုင်သေးဘူးလို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က စီးပွားရေး လေ့လာဆန်းစစ်သူ Michael Hewson က ဆိုပါတယ်။
“ရေတိုကာလမှာ ပြဿနာတွေကို ဖြေရှင်းနိုင်တာမျိုး ဘာမှမရှိသေးပါဘူး။ ဒီအတွက်လည်း ကြွေးမြီပြဿနာတွေဟာ ၂၀၁၁ ခုနှစ် တလျှောက်လုံး ၀န်ထုပ်ဝန်ပိုး အဖြစ်နဲ့ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။”

ဥရောပစီးပွားရေးအတွက် စိမ်ခေါ်မှုအဖြစ် ဆက်လက်ရှိနေမယ့် နောက်ထပ် ပြဿနာတခုအဖြစ်နဲ့ကတော့ အစိုးရတွေရဲ့ ချွေတာရေး အစီအစဉ်တွေကို ဥရောပတလွှားမှာ အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ထပ်လုပ်သွားမယ်လို့ ဆန္ဒပြသူတွေက ကြုံးဝါးနေကြတာပါ။ ဒါပေမဲ့လည်း ကမ္ဘာ့စီးပွားရေး တခုလုံးအနေနဲ့ တဖြည်းဖြည်းချင်း ပြန်လည်နာလန်ထူလာနေတဲ့ အခြေအနေတွေကို တွေ့မြင်လာနေရတဲ့အတွက် ဒါက ယူရိုငွေကြေး အားကောင်းလာအောင် အထောက်အကူ ဖြစ်စေနိုင်ပေမဲ့လည်း ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးအထိတော့ ရောက်နိုင်ဦးမှာ မဟုတ်သေးဘူးလို့လည်း စီးပွားရေး ဆောင်းပါးရှင် McRae က မြင်ပါတယ်။
“ကမ္ဘာ့စီးပွားရေးဟာ ယေဘုယျအားဖြင့် တိုးတက်မှုရှိနေတယ်ဆိုတဲ့ အချက်က တိုးတက်မှု အနှေးကွေးဆုံး အဖွဲ့ဝင်တွေကိုတောင်မှ နောက်ဆုံး အဆင့်လောက်က ပါလာနိုင်အောင် ဆွဲခေါ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း ကြွေးမြီတွေက ရှိနေဦးမှာ ဖြစ်တဲ့အတွက် တင်းမာမှု အခြေအနေတွေကလည်း ဆက်ဖြစ်နေမှာပဲလို့ ကျနော်ကတော့ ယူဆပါတယ်။”

ယူရိုငွေကြေး အတွက် သတင်းကောင်းတခုလို့ ဆိုရမှာကတော့ ကမ္ဘာပေါ်မှာ နိုင်ငံခြားအရန်ငွေကြေး အများဆုံး ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ဥရောပနဲ့ ယူရိုငွေကြေးမှာ အဓိကဆက်လက်ထားရှိ လုပ်ကိုင်သွားမယ့်အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ယူရိုငွေနဲ့ ဥရောပငွေကြေး ဈေးကွက်တွေဟာ ကမ္ဘာ့ဘဏ္ဍာရေး လုပ်ငန်းအတွက် အခရာကျတာမို့ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်သွားရလိမ့်မယ်လို့ အမေရိကန်ဒေါ်လာ ၂.၆၅ ထီလီယံ တန်ဘိုးရှိတဲ့ နိုင်ငံခြားအရန်ငွေကြေးတွေ စုဆောင်းထားတဲ့ တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်က ဇန်န၀ါရီလ ပထမပတ်ထဲမှာပဲ ကြေညာလိုက်တာပါ။ ရင်းနှီးမြုပ်နှံသူတွေကတော့ ယူရိုငွေကြေး တည်ငြိမ်မှုရှိစေဖို့ ဥရောပခေါင်းဆောင်တွေက ဘယ်လို စီးပွားရေး ဆုံးဖြတ်ချက်မူဝါဒတွေ ချမှတ်သွားမလဲ ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေနဲ့ ပြင်ပက ၀ိုင်းဝန်းပံ့ပိုးမှုတွေနဲ့အတူ ယူရိုငွေဟာ လောလောဆယ် အခြေအနေအထိကတော့ စိုးရိမ်စရာအဆင့်မှာ မရှိဘူးလို့ ဗြိတိန်နိုင်ငံက the Independent သတင်းစာရဲ့ စီးပွားရေး ဆောင်းပါးရှင် McRae က ဆိုပါတယ်။
“အခုအချိန်အထိကတော့ ယူရိုငွေကြေးဟာ ဆက်လက် ရပ်တည်သွားနိုင်လိမ့်ဦးမယ်လို့ ကျနော်က ယုံကြည်ပါတယ်။ တကယ်လို့ ယူရိုငွေကြေးသုံး နိုင်ငံတွေကြား နိုင်ငံရေးအရ ညီညွတ်မှုတွေ လုံးဝမရှိဘူးဆိုရင်တော့ ရေရှည်မှာ ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဖြစ်နိုင်စရာမျိုးလည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။”

ဇန်န၀ါရီလ ပထမပတ်ကုန်ပိုင်းမှာတော့ ဥရောပငွေကြေးအပေါ် စိုးရိမ်ပူပမ်မှုတွေနဲ့အတူ ဒေါ်လာငွေတန်ဘိုး မြင့်တက်လာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက စီးပွားရေး တိုးတက်မှုတချို့ ရှိနေတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာတာနဲ့အမျှ ဒေါ်လာငွေကြေးဟာ ဆက်ပြီး တန်ဘိုးတက်လာနိုင်ဦးမယ်လို့ ကျွမ်းကျင်သူတွေကတော့ ကြိုတင်မှန်းဆနေကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG