အကြွေးပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ဥရောပတိုက် နိုင်ငံတွေရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေအတွက် ဥရောပခေါင်းဆောင်တွေကြား သဘောတူညီမှုတွေ ရခဲ့ကြပါတယ်။ ဥရောပ ယူရိုငွေကြေးသုံး အဖွဲ့ဝင် တိုင်းပြည်တွေက အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်တယ် ဆိုပေမဲ့ ၂ နှစ်လောက်ကြာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် အလားအလာတွေ အပေါ်မှာတော့ သံသယတွေလည်း ရှိနေကြဆဲပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
ယူရိုငွေကြေးသုံး တိုင်းပြည်တွေက အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ့် အစီအစဉ်တရပ်ကို ဥရောပ ခေါင်းဆောင်တွေ သဘောတူလိုက်ကြပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ စက်တင်ဘာလကုန်က ဆွေးနွေး ညှိနှိုင်းမှုတွေအတွင်း ဘဏ္ဍာရေး ပြဿနာတွေ ကြုံနေရတဲ့ ဂရိနိုင်ငံကနေ အကြွေးရစရာတွေ ရှိနေတဲ့ ဘဏ်တွေ အနေနဲ့ အရှုံးခံကြဖို့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေ သဘောတူခဲ့ကြတာပါ။
ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဟာမန် ဗွန် ရွန်ပီ (Herman Von Rompuy) ကတော့ အရေးပေါ် ဘဏ္ဍာရေး အကူအညီတွေနဲ့အတူ ဥရောပ ဘဏ်တွေက ပံ့ပိုးမှုတွေ ပေးသွားမယ့် အစီအစဉ်က ဥရောပရဲ့ အကြွေးပြဿနာကို ကျားကန်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဥရောပက ဘဏ်လုပ်ငန်းတွေမှာ ယုံကြည်မှုတွေ ရလာအောင် ကျနော်တို့ စီစဉ်ခဲ့တာပါ။ ဥရောပတလွှား ဘဏ်တွေမှာ အရင်းအနှီး မတည်ငွေတွေ ပြန်ရလာစေမယ့် ပူးပေါင်းညှိနှိုင်းထားတဲ့ အစီအစဉ်တရပ်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေး အပြည့်နဲ့ အမြင့်ဆုံး ငွေပင်ငွေရင်း အချိုးအစားကိုလည်း ၉% အထိ တိုးမြှင့်သွားမှာပါ။ မကြုံဖူးလောက်အောင် ဖြစ်နေတဲ့ လက်ရှိအခြေအနေမှာ အရေးကြီးတဲ့ ကိစ္စတခုအဖြစ် ရိုက်ခတ်လာမယ့်ဒဏ်ကို ဒီအစီအစဉ်က ကြံ့ကြံ့ခံနိုင်မှာလည်း ဖြစ်ပါတယ်။”
ဥရောပက စီးပွားရေး အခြေခိုင်တဲ့ အီတလီနဲ့ စပိန်လို နိုင်ငံမျိုးတွေကိုပါ ပျံ့နှံ့လာနိုင်တဲ့အထိ ခြိမ်းခြောက်လာနေတဲ့ အစိုးရတွေရဲ့ ကြွေးမြီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုင်ပိုင်နိုင်နိုင်မရှိဘူး၊ နှေးကွေးတယ်ဆိုပြီး ဝေဘန်ခံနေရချိန်မှာပဲ အခုသဘောတူညီချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဂရိဝန်ကြီးချုပ် ဂျော့ဂျ် ပါပန်ဒရီယို (George Papandreou) ကတော့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဝိုင်းဝန်းကူညီဖြေရှင်းဖို့ဟာ ဥရောပရဲ့ ယူရိုငွေကြေးကို အဖတ်ဆယ်ဖို့သာမက ဥရောပ တိုက်သားတွေရဲ့ ယုံကြည်ချက်တွေ၊ အနာဂတ်တွေကို ကယ်တင်ရာလည်း ရောက်မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။
“ဥရောပ ခေါင်းဆောင်တွေ အနေနဲ့ တစုတစည်းတည်း ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်နေပါပြီ။ မရေမရာ အခြေအနေတွေနဲ့ အကျပ်အတည်း ကြုံနေရတာတွေ အဆုံးသတ်ဖို့ စာမျက်နှာသစ် ဖွင့်လှစ်ဖို့၊ ဥရောပ လူထုအတွက် လုံခြုံရေး၊ သာယာဝပြောရေးနဲ့ အနာဂတ်အတွက် ကြီးကြီးမားမား ခြေလှမ်းတရပ် လှမ်းဖို့လည်း လုပ်ကြရမှာပါ။”
ဥရောပရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံက သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမဏီနိုင်ငံက ဝန်ကြီးချုပ် အန်ဂလာ မာခဲ (Angela Merkel) တို့ကတော့ ပြင်သစ်နိုင်ငံက အပမ်းဖြေ မြို့တမြို့ဖြစ်တဲ့ Cannes မှာ နိုဝင်ဘာလဆန်း ကျင်းပမယ့် စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ရဲ့ အစည်းအဝေး မတိုင်မီ ပြီးပြည့်စုံတဲ့ အဖြေတရပ် ရရှိရေး သန္နိဓာန် ချထားခဲ့ကြတာပါ။ ပြင်သစ်သမ္မတ ဆာကိုဇီကတော့ ဂရိအစိုးရ ရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာကို တုန့်ပြန် ဆောင်ရွက်ရာမှာ အခုနောက်ဆုံး သဘောတူညီချက်က အများယုံကြည် လက်ခံနိုင်မယ့် ရည်ရွယ်ချက် ကြီးကြီးနဲ့လုပ်ဆောင်ခဲ့တဲ့ ကိစ္စတခုလို့ ပြောပါတယ်။
“ကမ္ဘာတဝန်း ရိုက်ခတ်မှုတွေ ကြုံခဲ့ရတဲ့ ၂၀၀၈ ခုနှစ်တုန်းက Lehman Brothers ဘဏ် ပြိုကွဲရာက နောက်ဆက်တွဲ ဆိုးဆိုးရွားရွား အကျိုးဆက်တွေ ဖြစ်ခဲ့သလိုမျိုး၊ ဂရိနိုင်ငံက အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားနိုင်ဖို့ ဥရောပခေါင်းဆောင်တွေ စိတ်ပိုင်းဖြတ်ထားတာပါ။”
၁၀ နာရီလောက်ကြာအောင် အချေအတင် ဆွေးနွေးခဲ့ကြပြီးမှ သဘောတူလိုက်တဲ့ အစီအစဉ်ထဲမှာတော့ အစိုးရတွေ အကြွေး ပြန်မဆပ်နိုင်တော့တဲ့ အဖြစ်မျိုး ကြုံလာရရင် ရင်ဆိုင်သွားနိုင်ဖို့ ဘဏ်တွေ အနေနဲ့ နောက်ထပ် ငွေပင်ငွေရင်း ဒေါ်လာသန်းပေါင်း ၁၄၈,၀၀၀ အထိ ရှေ့နှစ်ဇွန်လ နောက်ဆုံးထားပြီး တိုးမြှင့်ထားရှိသွားကြရမှာ ဖြစ်ပါတယ်။ ဂရိအစိုးရရဲ့ ငွေစုစာချုပ်တွေကို စုဆောင်းထားကြတဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ၅၀% အရှုံးခံဖို့ စီစဉ်ခဲ့တာမို့ ဒါဟာ ဂရိနိုင်ငံ တင်နေတဲ့ အကြွေးတွေထဲက ဒေါ်လာသန်းပေါင်း ၁၄၀,၀၀၀ အထိ လျော့ကျသွားမှာပါ။ ဒီအစီအစဉ်ကနေ ဂရိနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ကြွေးမြီပမာဏ ပျမ်းမျှ ပြည်တွင်းထုတ်လုပ်မှုရဲ့ ၁၆၀% ရှိနေရာကနေ ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထားပြီး ၁၂၀% အထိ လျှော့ချသွားဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
ယူရိုငွေကြေးသုံး တိုင်းပြည်တွေအတွက် ဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်မှာ ဒေါ်လာသန်း ၁.၄ ထီလီယံ အထိ တိုးမြှင့် သုံးစွဲသွားဖို့ အတွက်ကိုလည်း သဘောတူခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ အများဆုံးအဖြစ် ဒေါ်လာ ၃ ထီလီယံကျော်အထိ နိုင်ငံခြား အရန်ငွေကြေး စုဆောင်းထားတဲ့ တရုတ်နိုင်ငံကတော့ အခုနောက်ဆုံး ရရှိလိုက်တဲ့ သဘောတူညီချက်အပေါ် ကြိုဆိုလိုက်သလို ကမ္ဘာ့စီးပွားရေးအတွက် ဥရောပတိုက်ဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဂျန်ယု (Jiang Yu) က ပြောခဲ့တာ ဖြစ်ပါတယ်။
“EU ဟာ တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ မိတ်ဘက်အဖြစ် ဥရောပ ယူရိုငွေကြေးသုံး တိုင်းပြည်တွေအပေါ် ယုံကြည်မှု ရှိပါတယ်။ ဥရောပ စီးပွားရေး ဖွံ့ဖြိုးမှု တည်ငြိမ်မှုဟာ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ မရှိမဖြစ်လိုအပ်ပါတယ်။”
ဒါပေမဲ့လည်း ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေက အရေးပေါ် ဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်တွေမှာ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေ ချက်ခြင်းလက်ငင်း လုပ်ဆောင်သွားမယ့် အလားအလာမျိုးတော့ မရှိသေးတဲ့ တရုတ်ဘဏ္ဍာရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။ EU ခေါင်းဆောင်တွေရဲ့ သဘောတူညီချက် ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ နိုင်ငံတကာ ငွေကြေးဈေးကွက်တွေမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေကိုလည်း တွေ့မြင်ကြရပါတယ်။ အာရှ၊ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့က အဓိက စတော့ခ်ရှယ်ယာ ဈေးကွက်တွေမှာ ဈေးတွေ ပြန်တက်လာခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီအခြေအနေတွေဟာ ရေရှည်ခံပါ့မလား ဆိုတဲ့အပေါ်မှာတော့ ဆန်းစစ်သူတွေ သံသယ ရှိနေကြပါတယ်။
Daiwa Capital Markets က ဥရောပ စီးပွားရေး ကျွမ်းကျင်သူ တိုဘီရပ်စ် ဘလတ်နာ (Tobias Blattner) ကတော့ လတ်တလော အကောင်းမြင်နေရတဲ့ အခြေအနေတွေဟာ သိပ်ကြာကြာ ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အခုမေးခွန်း ဖြစ်နေတာကတော့ ရှင်းပါတယ်။ ဘယ်လောက်ကြာကြာခံမလဲ ဆိုတာပါပဲ။ ဒီအပေါ်မှာပဲ ကျနော်တို့က သံသယ ရှိနေကြတာလို့ ထင်ပါတယ်။ ကျနော်တို့ ယူဆတာကတော့ ပြီးဆုံးသွားတဲ့ ထိပ်သီးဆွေးနွေးပွဲက မေးစရာတွေ တပုံကြီး ထွက်လာတာကြောင့် ဒါဟာ ရေတိုဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါလိမ့်မယ်။”
ဥရောပခေါင်းဆောင်တွေရဲ့ ဘရပ်ဆဲလ်မြို့က အစည်းအဝေးရဲ့ နောက်ဆက်တွဲအဖြစ် တပတ်အတွင်းမှာပဲ ပြင်သစ်နိုင်ငံမှာ စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျရင်တော့ တရုတ်လို နိုင်ငံတကာ အသိုင်းအဝန်းက အကူအညီတွေကို တောင်းခံသွားဖို့ ကြိုစားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။ ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်သွားမယ့် အစီအစဉ်အတွက် အပြီးသတ် သဘောတူညီချက်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဥရောပနိုင်ငံ ခေါင်းဆောင်တွေ အတည်ပြု သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။