သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းသူ ၂၀၀၀ ကျော် Budapest မှာ ပိတ်မိနေ


ဂျာမနီနဲ့ သြစတြီးယားကို သွားရောက်ကြမယ့် ရွှေ့ပြောင်းအခြေချသူတွေကို ဥရောပသမဂ္ဂရဲ့ ပြည်ဝင်ခွင့်မပါဘဲ ခရီးသွားခွင့် တားမြစ်လိုက်တာကြောင့် ဟန်ဂေရီနိုင်ငံ Budapest က အဓိကကျတဲ့ အပြည်ပြည်ဆိုင်ရာ ရထားဘူတာရုံမှာ အနည်းဆုံး လူပေါင်း ၂ ထောင်လောက် သောင်တင်နေပါတယ်။

ရထားစီးပြီး ခရီးထွက်ကြဖို့ သီတင်းပတ်ပေါင်းများစွာ စခန်းချ နေထိုင်နေကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဟန်ဂေရီ အာဏာပိုင်တွေက တနလာၤနေ့ကစလို့ ပြည်ဝင်ခွင့်ဗီဇာ မစစ်ဘဲ ရထားစီးခွင့် ပေးခဲ့တာပါ။

ဒါပေမဲ့ အင်္ဂါနေ့မှာ သူတို့ ဆုံးဖြတ်ချက်ကို ပြင်လိုက်ပုံရပြီး ခရီးသည်တွေကို ရထားတက်ခွင့် ခေတ္တဆိုင်းငံ့လိုက်တာကြောင့် ခရီးသည် ထောင်နဲ့ချီပြီး ဘူတာရုံမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လုပ်ဆောင်တာသာ ဖြစ်တယ်လို့လည်း ဟန်ဂေရီအာဏာပိုင်တို့က ပြောပါတယ်။

ဟန်ဂေရီနိုင်ငံဟာဆိုရင် ဥရောပကို ရွှေ့ပြောင်းအခြေချသူတို့ အဓိက ဝင်ရောက်ကြတဲ့ နိုင်ငံတခုဖြစ်ပြီး ဒီနှစ်အတွင်းမှာပဲ ၁ သိန်း ၅ သောင်း ၆ ထောင်ကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေအရတော့ ရွှေ့ပြောင်းအခြေချသူတို့ဟာ သူတို့ ပထမဆုံး ဝင်ရောက်တဲ့ နိုင်ငံဆီကနေ နိုင်ငံရေး ခိုလှုံခွင့်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းကြောင့်ပဲ ဟန်ဂေရီနိုင်ငံအနေနဲ့ သူ့နိုင်ငံထဲ အရင်ရောက်လာတဲ့ ဒုက္ခသည်တွေကို သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေဆီ ဆက်လက် သွားရောက်ခွင့်ပေးဖို့ ဟန့်တားခံရသလို ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့လည်း ဂျာမနီနိုင်ငံကတော့ သူ့ရဲ့နယ်စပ်အတွင်းမှာ ဆီးရီးယား ရွှေ့ပြောင်းအခြေချသူတွေကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်နဲ့ ပြင်သစ်ကြား ရထားလမ်းတွေပေါ်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတို့ ပိတ်ဆို့ထားတယ်လို့ သံသယရှိထားတာကြောင့် နှစ်နိုင်ငံကြား ပြေးဆွဲတဲ့ Eurostar ရထားလိုင်း ခုတ်မောင်းမှုကို နာရီအတော်ကြာ ညအိပ် ရပ်နားထားခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကနေ ဗြိတိန်နိုင်ငံ လန်ဒန်ကို ခုတ်မောင်းမယ့် ရထား ၅ စင်းတို့ အင်္ဂါနေ့ညက ခရီးစဉ် နှောင့်နှေးခဲ့ရပြီး ရာနဲ့ချီတဲ့ ခရီးသည်တွေ စိတ်ပျက် ဒေါသထွက်ခဲ့ကြပါတယ်။ ခရီးစဉ် နှောင့်နှေးခဲ့ရတဲ့ ရထား ၅ စင်းတို့ထဲက ၃ စင်းကတော့ လန်ဒန်ကို ဆက်လက် ထွက်ခွာ ရောက်ရှိသွားပြီဖြစ်ပေမဲ့ ကျန်တဲ့ ရထား ၂ စင်းကတော့ ပဲရစ်မြို့တော်ကို ပြန်လှည့်ခဲ့ကြရတာပါ။

XS
SM
MD
LG