ဂရိနိုင်ငံအနေနဲ့ ငွေကြေးအကူညီအသစ်ရရှိရေးအတွက် နိုင်ငံတကာချေးငွေထုတ်ပေးသူတွေနဲ့ သဘောတူညီမှုရဖို့ အခြေအနေဟာ တနင်္လာနေ့မှာ မနီးစပ်သေးပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် Alexis Tsipras က အင်္ဂါနေ့ ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးမှာ အဆိုပြုချက်အသစ်တင်သွင်းဖို့ စီစဉ်နေပါတယ်။
ဂရိအစိုးရအပေါ် ဖိအားပေးမှုတွေကတော့ တနေ့လုံး တိုးမြှင့်ပြုလုပ်နေကြတာပါ။ ငွေထုတ်ချေးသူတွေထဲက တခုဖြစ်တဲ့ ဥရောပဗဟိုဘဏ်က ဂရိဘဏ်တွေအနေနဲ့ ငွေထုတ်စက်တွေကို ငွေထပ်မံဖြည့်တင်းပေးဖို့ အခက်ကြုံနေကြရတဲ့တိုင်အောင် သူ့ရဲ့အရေးပေါ်ချေးငွေထုတ်ပေးတဲ့ စည်းကမ်းသတ်မှတ်ချက် စံနှုန်းတွေကို ပြောင်းလဲသတ်မှတ်မပေးဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
ဂရိအစိုးရကထိန်းချုပ်ထားတဲ့ ငွေထုတ်ပေးမှုကို ဗုဒ္ဓဟူးနေ့အထိ ရက်တိုးပေးထားပါတယ်။ ငွေကြေးအကူအညီအသစ် ထုတ်ပေးမယ့်သဘောတူညီမှုသာ မရဘူးဆိုရင် ရက်ပိုင်းအတွင်း ဘဏ်တွေမှာ ငွေပြတ်သွားလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။
မစ္စတာ Tsipras ဟာ တနင်္လာနေ့မှာ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောခဲ့ပါတယ်။ ဂျာမနီဝန်ကြီးချုပ်ဟာ ဂရိအစိုးရအပေါ် တင်းကြပ်တဲ့ ခြိုးခြံချွေတာရေး စည်းကမ်းတွေချမှတ်ဖို့ ဥရောပအဖွဲ့မှာ အဓိက ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါတယ်။
ဂရိအစိုးရအနေနဲ့ ငွေကြေးအကူညီအသစ်ထပ်မံရရှိဖို့ အပြန်အလှန်အနေနဲ့ ပိုမိုတင်းကြပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကိုလိုက်နာဖို့ ငွေချေးငှားသူတွေဘက်က တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲပြုလုပ်ခဲ့ရာမှာ ဂရိမဲဆန္ဒရှင်တွေက ဆန့်ကျင်မဲပေးခဲ့ကြပြီးတဲ့နောက် အခုလို ဆက်သွယ်စကားပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဂျာမနီခေါင်းဆောင်ဟာ ပဲရစ်မြို့မှာ ပြင်သစ်သမ္မတ Francois Hollande နဲ့တွေ့ဆုံပြီး ဂရိနိုင်ငံရဲ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင်နှစ်ဦးဟာ ဂရိအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေထပ်လုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။