[[Zawgyi/Unicode]]
ဥရောပမှာ COVID-19 ရောဂါကူးစက်မှု လက်ရှိနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် နောက်နှစ်လအတွင်း ဥရောပတိုက်တခုလုံး က လူဦးရေထက်ဝက်ကျော် Omicron ကိုဗစ်ဗီဇမျိုးကွဲ ကူးစက်ခံရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦး က အင်္ဂါနေ့မှာပြောပါတယ်။
နှစ်သစ် စဝင်ကတည်းကဆိုရင် ဥရောပနိုင်ငံအတော်များများမှာ ကိုဗစ်ကပ်ရောဂါအခြေအနေက ပိုဆိုးလာနေတာပါ။ ပြင်သစ်နဲ့ ဒိန်းမတ်အပါအဝင် တချို့နိုင်ငံတွေမှာ တရက်အတွင်း COVID-19 ရောဂါ ကူးစက်သူအရေအတွက်ဟာ ကပ်ရောဂါ စဖြစ် ကတည်းကဆိုရင် အများဆုံးဖြစ်လာပါတယ်။ ဆေးရုံတက်ရသူနဲ့ သေဆုံးသူအရေအတွက် ဆက်ပြီးတိုးလာနေတာနဲ့အမျှ နိုင်ငံ တချို့မှာ ကပ်ရောဂါထိန်းချုပ်ရေး မူဝါဒတွေကို ပိုပြီး တင်းကျပ်လာနေပါတယ်။
၂၀၂၂ ခုနှစ် ပထမသီတင်းပတ်အတွင်း ဥရောပမှာ ကိုဗစ်ကူးစက်သူအရေအတွက်ဟာ ၇ သန်းကျော် ရှိခဲ့တယ်လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တဲ့အတွက် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ထုတ်ပြန်ခဲ့တဲ့အရေအတွက်ထက် နှစ်ဆ ပိုများပါတယ်။
လက်ရှိကူးစက်နှုန်းအတိုင်းဆိုရင် လာမယ့် သီတင်းပတ်ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်း ဥရောပဒေသတခုလုံးက လူဦးရေ ထက်ဝက်ကျော် Omicron ကိုဗစ်ဗီဇမျိုးကွဲ ကူးစက်ခံရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း WHO ညွှန်ကြားရေးမှူး Kluge ကပြောပါတယ်။
===========
[[Unicode]]
===========