သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပလုံခြုံရေး တိုးမြှင့်


Brussels နန်းတော်တွင်း ဝင်ရောက်လိုသူတွေကို စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၅)

ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေမှာ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ မသင်္ကာသူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေချိန်မှာပဲ ဥရောပနိုင်ငံတွေမှာ
လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ ကြီးကျယ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ဖို့စီစဉ်နေတယ်လို့ဆိုတဲ့ မသင်္ကာသူတွေကို စီးနင်းရှာဖွေမှုအတွင်း လက်နက်တွေ၊ ရဲဝတ်စုံအတုတွေကို တွေ့ရှိခဲ့ပါတယ်။ အကြမ်းဖက်အန္တရာယ်ကို ဒုတိယအမြင့်ဆုံးအဖြစ်တိုးမြှင့်ထားပြီး Brussels မြို့တော်နဲ့ Antwerp မြို့တွေမှာ လုံခြုံရေးအတွက် စစ်တပ်ကို ဒီကနေ့ စနေနေ့မှာ စတင် ဖြန့်ချထားပါတယ်။ ကြာသပတေးနေ့က ဗဲဗီရေးမြို့မှာ စီးနင်းရှာဖွေမှုအတွင်း ရဲကို ပြန်လည် ပစ်ခတ်တဲ့ မသင်္ကာသူ ၂ ယောက်သေဆုံးခဲ့ပါတယ်။ နိုင်ငံတဝန်းမှာလဲ မသင်္ကာသူ ၁၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဘယ်လ်ဂျီယံ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျာမနီနိုင်ငံမှာလည်း အကြမ်းဖက်သမားအဖြစ်မသင်္ကာသူတွေကို ရှာဖွေစီးနင်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း ၁၇ ယောက်ကျော် သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ဆက်နွယ်သူ ၁၂ ယောက်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်သွေးကြွအဖွဲ့တွေနဲ့ သွားရောက်တိုက်ခိုက်ပြီး ဥရောပကို ပြန်လာကြတဲ့ အစ္စလာမ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအန္တရာယ်တွေ
ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုပြီးမြင့်မားနေတာနဲ့အတူ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နဲ့ တခြားဥရောပနိုင်ငံတွေမှာလည်း လုံခြုံရေးသတိအနေအထား ရှိနေကြပါတယ်။

တချိန်တည်းမှာပဲ အစ္စလာမ်အစွန်းရောက်မှုနဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေကို ပူးပေါင်းတိုက်ချက်သွားမယ်လို့ အမေရိကန်နဲ့ ဗြိတိန်က ပြောကြား ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့နဲ့ အကြမ်းဖက်ကွန်ယက်တွေကို နှိမ်နှင်းနိုင်ဖို့ နိုင်ငံတွေအားလုံးက လက်တွဲ ဆောင်ရွက် နေကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ Washington မြို့တော်မှာတွေ့ဆုံအပြီး သမ္မတ Barack Obama ကသောကြာနေ့က
ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် David Cameron ကလည်း ထိခိုက်အန္တရာယ်ပြုချင်သူတွေရဲ့ရန်နဲ့ လုံခြုံရေးအန္တရာယ်ကို ဗြိတိန်ရော အမေရိကန်ပါ ရင်ဆိုင်နေရပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းနိုင်ဖို့ ရေရှည်လုပ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG