သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ အကြမ်းဖက် တိုက်ခိုက်မှု အလားအလာ သတိပေးချက် ထုတ်ပြန်


ဥရောပ အကြမ်းဖက် တိုက်ခိုက်မှု အလားအလာ သတိပေးချက် ထုတ်ပြန်
ဥရောပ အကြမ်းဖက် တိုက်ခိုက်မှု အလားအလာ သတိပေးချက် ထုတ်ပြန်

ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု အန္တရာယ် ရှိနေတာမို့ ဂျပန်နိုင်ငံသားတွေ အနေနဲ့ ဥရောပ ခရီးသွားလာမှုကို သတိရှိကြဖို့အတွက် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

ဥရောပနိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ရှိတဲ့အတွက် ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကလည်း ဥရောပ ခရီးသွား သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံသားတွေ အနေနဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ သွားလာတဲ့အခါ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေအတွက် ဖွင့်လှစ်ထားတဲ့ နေရာတွေကို သွားရောက်တဲ့အခါ သတိထားဖို့အတွက် ဂျပန် အစိုးရက သတိပေးထားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်ကြောင်း အဆင့်မြင့် အန္တရာယ် သတိပေးချက်ကို ဗြိတိန်နိုင်ငံသားတွေအတွက် ဗြိတိသျှ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာ အယ်လ်ကိုင်းဒါးအဖွဲ့အပြင် ဒီအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေက အကြမ်းဖက် တိုက်ခိုက်နိုင်တာမို့ အမေရိကန် နိုင်ငံသားတွေ သတိထားကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာရှိတဲ့ မြို့ကြီးတွေမှာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အဖွဲ့တွေက စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဖော်ထုတ်နိုင်ခဲ့ကြောင်း အနောက်တိုင်း ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုတွေဟာ ၂၀၀၈ ခုနှစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ တိုက်ခိုက်ခဲ့သလို အများပြည်သူ သွားလာနေတဲ့ နေရာတွေမှာ ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ အစ္စလမ် စစ်သွေးကြွတွေက တပြိုင်တည်းလိုလို နေရာခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၅၀၀ နီးပါး ဒဏ်ရာရမှုတွေနဲ့ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG