သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးနှင်းမုန်တိုင်းကြောင့် ဥရောပတလွှား ခရီးသွားလာမှုတွေ ရပ်ဆိုင်း


ဆီးနှင်းမုန်တိုင်းကြောင့် ဥရောပတလွှား ခရီးသွားလာမှုတွေ ရပ်ဆိုင်း

ဥရောပတလွှားမှာ နှင်းတွေကျပြီး အေးခဲနေတဲ့ ရာသီဥတုကြောင့် လေယာဉ်ခရီး၊ ရထားနဲ့ ကားလမ်းခရီးတွေ ဖျက်သိမ်းထားရတဲ့အတွက် ခရစ္စမတ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ခရီးထွက်ကြသူ ထောင်ပေါင်းများစွာ ဒုက္ခရောက်နေကြပါတယ်။

ကမ္ဘာမှာ လေယာဉ်အဆင်းအတက် အများဆုံး လေဆိပ်တခုဖြစ်တဲ့ လန်ဒန် ဟိသရိုး လေဆိပ်မှာ တနင်္ဂနွေနေ့တုန်းက ဘယ်လေယာဉ်ကိုမှ ဆင်းသက်ခွင့် မပြုပါဘူး။ ထူထပ်တဲ့ နှင်းတွေကြောင့် လေယာဉ် အတက်လမ်းရော၊ အဆင်းလမ်းပါ စနေနေ့ကတည်းက ပိတ်ထားပါတယ်။

လန်ဒန်က ဒုတိယ အလုပ်အများဆုံးဖြစ်တဲ့ ဂတ်ဝစ် လေဆိပ်မှာလည်း လေယာဉ်ပျံသန်းမှုတွေကို ဖျက်သိမ်းထားပါတယ်။

အလားတူပဲ နယ်သာလန်၊ ဂျာမဏီနဲ့ ပြင်သစ်က နိုင်ငံတကာ လေဆိပ်တွေမှာလည်း လေယာဉ်ခရီးစဉ် အများစုကို ဖျက်သိမ်းထားပါတယ်။ ပဲရစ်စ်မြို့တော်က ချားလ်စ်ဒီဂေါ လေဆိပ်မှာလည်း ခရီးသည် ရာပေါင်းများစွာဟာ ဖြစ်သလို အိပ်စက်ပြီး သူတို့လေယာဉ်ခရီးစဉ် ပြန်စမယ့် အချိန်ကို စောင့်နေကြပါတယ်။

ဂျာမဏီက ဖရန့်ဖတ် လေဆိပ်မှာဆိုရင် ခရီးစဉ် ၅၀၀ ကို ဖျက်ထားရပါတယ်။ အီတလီနိုင်ငံမှာလည်း ဖလောရင့်စ်မြို့ လေဆိပ်ကို တနင်္ဂနွေနေ့မှာ ပိတ်ထားဆဲ ဖြစ်ပါတယ်။ တပ်စ်ကန်ဒီ ဒေသဘက်မှာလည်း နေရာတိုင်း နှင်းတွေ ဖုံးလွှမ်းနေပါတယ်။

နှင်းတွေကြောင့် မီးရထားနဲ့ ကားလမ်းခရီးတွေလည်း မထွက်နိုင် ဖြစ်နေတာမှာ ဥရောပတိုက် အောက်ဘက်မှာရှိတဲ့ အာဖရိကတိုက်ထဲက အယ်လ်ဂျီးရီးယား နိုင်ငံအထိ ခရီးစဉ်တွေ ဒုက္ခရောက်နေပါတယ်။

ဥရောပမှာ နှင်းအထူထပ်ဆုံး၊ အအေးဆုံး ရာသီဥတုနဲ့ လက်ရှိ ရင်ဆိုင်နေရတယ်လို့ မိုးလေ၀သ ခန့်မှန်းသူတွေက ပြောပါတယ်။

XS
SM
MD
LG