သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ထောက်ခံကြောင်း ဥရောပခေါင်းဆောင်တွေ ပြောကြား


ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ပုံဟောင်း - February 24, 2025 - Photo by Handout / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)
ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (ပုံဟောင်း - February 24, 2025 - Photo by Handout / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)

ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတ အခြေအတင် ဖြစ်ခဲ့ပြီးနောက် ယူကရိန်းဘက်က ရပ်တည်ကြောင်း ဥရောပ ခေါင်းဆောင်အများစု တုံ့ပြန်ခဲ့ကြပါတယ်။

အိမ်ဖြူတော်ကို သောကြာနေ့က ရောက်လာခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အမေရိကန်သမ္မတ Donald Trump တို့ သတင်းထောက်တွေရှေ့မှာ ဓါတ်ပုံအရိုက်ခံရင်း စကားအပြန်အလှန် ပြောကြရာက ယူကရိန်း ငြိမ်းချမ်းရေး ရုရှားနဲ့ ဆွေးနွေးတဲ့ကိစ္စကနေ စတင်အခြေအတင် ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ဆွေးနွေးပွဲပျက်ခဲ့ပြီး၊ အိမ်ဖြူတော်ကနေ ယူကရိန်းသမ္မတ ပြန်သွားခဲ့ပါတယ်။ ယူကရိန်းသမ္မတဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားသူ မဟုတ်ဘူးလို့ သမ္မတ Trump က လူမှုကွန်ရက်မှာ ရေးတင်ခဲ့သလို အိမ်ဖြူတော်လာပြီး မလေးမစား လုပ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ဖြစ်ပြီး မကြာခင်မှာပဲ လွတ်လပ်တဲ့ ကမ္ဘာကြီးအတွက် ခေါင်းဆောင်သစ် လိုအပ်နေတယ်ဆိုတာ ရှင်းရှင်းပေါ်လာတာ ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Kaja Kallas က X လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ယူကရိန်းဟာ ဥရောပဖြစ်ပြီး ယူကရိန်းနဲ့အတူ ဥရောပ ရပ်တည်နေတယ်လို့ ရေးသားခဲ့ပါတယ်။ အလားတူ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်၊ ပိုလန်စတဲ့ EU အဖွဲ့ဝင်နိုင်ငံအများစုကလည်း ယူကရိန်းနိုင်ငံဘက်က ရပ်တည်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ကတော့ ငြိမ်းချမ်းရေးအတွက် သမ္မတ Trump က ရဲရဲရင့်ရင့် ရပ်တည်ခဲ့တယ်လို့ဆိုပြီး သမ္မတ Trump ကို ကျေးဇူးတင်ကြောင်း X လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။

ဝါရှင်တန်ကို ရက်ပိုင်းကပဲလာပြီး သမ္မတ Trump နဲ့ ဆွေးနွေးခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကတော့ သမ္မတ Trump နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီး မကြာခင်မှာပဲ သူတို့ ၂ ယောက်လုံးနဲ့ ဆက်သွယ်စကားပြောခဲ့ကြောင်းနဲ့ ယူကရိန်းနိုင်ငံအပေါ် ခိုင်ခိုင်မာမာ ထောက်ခံနေကြာင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

တနင်္ဂနွေနေ့ကျရင်တော့ ယူကရိန်း ရုရှားစစ်ပွဲရပ်ရေး ဥရောပခေါင်းဆောင်တွေနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတက်ဖို့ သမ္မတ Zelenskyy ဒီနေ့ စနေနေ့ ဗြိတိန်ကိုသွားမှာ ဖြစ်ပါတယ်။

သောကြာနေ့က အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ ဆွေးနွေးပွဲပျက်ခဲ့သလို ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်တွေ ရယူပိုင်ခွင့် လက်မှတ်ရေးထိုးရေးမယ့် အစီအစဉ်လည်း ပျက်ခဲ့ပါတယ်။ ယူကရိန်းသမ္မတက ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်ရဲ့ အာမခံချက်ရဖို့ တောင်းဆိုနေတာဖြစ်ပြီး၊ အမေရိကန်ဘက်ကတော့ အရင် အမေရိကန် ကူညီထားတဲ့ အကူအညီတွေအတွက် ယူကရိန်း သယံဇာတတွေနဲ့ ပြန်ဆပ်ပြီးမှ နောင်အတွက် ရှေ့ဆက်ပြောမယ်လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG