သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန် CIA လျှို့ဝှက်စခန်းများကိစ္စ ဥရောပတရားရုံးစစ်ဆေး


အကြမ်းဖက်သမားအဖြစ် မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းဖို့ အမေရိကန် CIA ထောက်လှမ်းရေးအတွက် လျှို့ဝှက်အကျဉ်းထောင်တွေကို ပိုလန်နိုင်ငံထဲမှာ ခွင့်ပြုပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပိုလန်က လျစ်လျူရှုခဲ့သလားဆိုတာကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမဂ္ဂ တရားရုံးမှာ စတင် စစ်ဆေးနေပါပြီ။

ပိုလန်နိုင်ငံထဲက ခေါင်ဖျားတဲ့ လေယာဉ်ကွင်းနားမှာရှိတဲ့ CIA အကျဉ်းစခန်းဆီမှာ စစ်ကြောဖို့ ၂၀၀၂ ခုနှစ်က ခေါ်သွားခံရတယ်လို့ပြောတဲ့ ဆော်ဒီ အာရေးဗျက Abd al-Rahim al-Nashiri နဲ့ ပါလက်စတိုင်းမှာမွေးတဲ့ Abu Zubaydah တို့နဲ့ ပတ်သက်နေတဲ့ အမှုကို ပြင်သစ်နိုင်ငံ Strasbourg မြို့ တရားရုံးမှာ ကြားနာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို လပေါင်း တော်တော်ကြာကြာ အဲဒီမှာ စစ်ဆေးမေးမြန်းခဲ့ပြီး စစ်ကြောရာမှာ သုံးတဲ့နည်းတွေဟာ နှိပ်စက်မှု မြောက်တယ်လို့ သူတို့ရှေ့နေတွေက ပြောပါတယ်။ သူတို့ ၂ ယောက်ကတော့ လောလောဆယ် Guantanamo ပင်လယ်အော်က အမေရိကန် စစ်အကျဉ်းစခန်းမှာ အဖမ်းခံထားရပါတယ်။

ပိုလန်အစိုးရက သူတို့ပိုင်နက်ထဲမှာ CIA လျှို့ဝှက်အကျဉ်းစခန်းတွေ မရှိပါဘူးလို့ အရင်က ငြင်းဆန်ခဲ့ပါတယ်။ စွပ်စွဲမှုတွေနဲ့ပတ်သက်လို့ ပိုလန်မှာလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ၅ နှစ်ကြာနေပြီး အဖြေ တစုံတရာလည်း ထွက်မလာပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ အမှုကို EU တရားရုံးမတင်ခင် စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်ဖို့ ခွင့်ပြုသင့်တယ်လို့ ပိုလန်အစိုးရက ပြောပါတယ်။

Extraordinary Rendition လို့ပြောနေတဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုအပြင်မှာ CIA လျှို့ဝှက်အကျဉ်းစခန်းတွေ ဖွင့်ခွင့်ပေးခဲ့တယ်လို့ ပိုလန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ စွပ်စွဲခံထားရပါတယ်။
XS
SM
MD
LG