သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်သား ၂၅% ကိစ္စ EU စောင့်ကြည့်အဖွဲ့ ဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ကော်မရှင်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ကော်မရှင်။

မြန်မာနိုင်ငံရဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၂၅ % ခန့်အပ် နေရာပေးထားတာဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့အတွက် ပယ်ဖျက်ပေးဖို့လိုအပ်တယ်လို့ အီးယူ ဥရောပသမဂ္ဂရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မတ်လ ၃၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာ အာဏာပိုင်တွေအတွက် အကြံပြုချက် ၅၀ ပါဝင်ပြီး ဒီအထဲမှာ ရွေးကောက်ခြင်းခံရတဲ့ အဖွဲ့အစည်းတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေအတွက် သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့လိုအပ်တယ်လို့ ဖေါ်ပြထားပါတယ်။

နောင်လာမယ့် ရွေးကောက်ပွဲတွေကို လူထုက ပိုမိုယုံကြည်လာစေဖို့အတွက် တချို့ဥပဒေတွေ၊ လုပ်ငန်းစည်းမျဉ်းတွေ၊ဥပမာ ကြိုတင်မဲပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ခုထက်ကောင်းအောင်လုပ်ဖို့၊အပြီးသတ်မဲစာရင်းကို ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ကြေညာပေးဖို့တွေကို အကြံပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဝင်ခွင့်ပေးရာမှာ လူမျိုးစု အားလုံး ပါဝင်စေဖို့အပြင် အကျိုးအကြောင်းဆီလျှော်စေဖို့ ဥပမာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံနိုင်ဖို့ နိုင်ငံတွင်း ၁၀ နှစ် ဆက်တိုက်နေရမည် ဆိုတဲ့ ကန့်သတ်ချက်မျိုးဟာ တင်းကြပ်လွန်းတယ်လို့ ဝေဖန်ထားပါတယ်။ ရွေးကောက်ပွဲနဲ့ စပ်လျင်းတဲ့ အငြင်းပွါးချက်တွေနဲ့ ပတ်သက်ပြီးလည်း ထင်သာမြင်သာ ဖြေရှင်းမှုအပြင် အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ပါ အကြံပေးပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ၂၀၁၅ စက်တင်ဘာလကနေ ၂၀၁၆ ဖေဖေါ်ဝါရီလအထိ လာရောက်လေ့လာခဲ့တဲ့ ဥရောပလွှတ်တော် ဒုတိယဥက္ကဋ္ဌ Alexander Graf Lambsdorff ဦးဆောင်တဲ့ ဒီကော်မရှင်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

XS
SM
MD
LG