သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို တိုးမြှင့်လိုက်ခံဖို့ ဥရောပကော်မရှင် တိုက်တွန်း


ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေ ဂရိနိုင်ငံမြောက်ပိုင်းမှာ စာရင်းပေးသွင်းဖို့ စောင့်ဆိုင်းနေစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၅)

အရှေ့အလယ်ပိုင်းဒေသက ဝင်ရောက်လာတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာကိုလက်ခံဖို့ ဥရောပနိုင်ငံအားလုံးနီးပါးက တနိုင်ငံချင်းစီ အနေနဲ့ လက်ခံတဲ့ဒုက္ခသည်အရေအတွက် တိုးမြှင့်တဲ့အစီအစဉ်တခုလုပ်ဆောင်ဖို့ ဥရောပကော်မရှင် အကြီးအကဲ Jean-Claude Juncker က တိုက်တွန်းပါတယ်။

ဒီအစီအစဉ်အရ ဒုက္ခသည် (၁၆၀,၀၀၀) လောက်အထိကို ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်က အများစု နောက် ပိုလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်နဲ့ ရိုမေးနီးယားတို့က ခွဲဝေပြီး ခေါ်ယူနိုင်တာပါ။

ဒီအတောအတွင်းမှာပဲ Syria နဲ့ တခြား စစ်ဘေးသင့်နိုင်ငံတွေက ဒုက္ခသည်တွေ ဟန်ဂေရီနိုင်ငံကတဆင့် ဂျာမနီနဲ့ တခြား ဥရောပ နိုင်ငံတွေဆီ ရောက်ရှိလာနေတဲ့ အချိန်မှာပဲ ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ဂရိနိုင်ငံနဲ့ Macedonia နိုင်ငံတွေမှာ သောင်တင်နေပြီး ဘယ်တော့ ခရီးဆက်နိုင်မလဲဆိုတာ မသိကြပါဘူး။

Lesbos ကျွန်း တခုတည်းကိုတင် ရောက်ရှိလာတဲ့ ဒုက္ခသည်အရေအတွက် (၁) သောင်းခွဲကနေ (၁၈,၀၀၀) လောက် အပါအဝင် ဂရိနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည် စုစုပေါင်း (၃) သောင်းလောက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ပြောပါတယ်။ Macedonia နိုင်ငံကိုလည်း Syria ဒုက္ခသည် ၇ ထောင် ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေဟာ တတိယနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံဖို့ ဆက်ပြီး မထွက်ခွာခင်မှာ အရင် စစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။ ဂရိနိုင်ငံ Lesbos ကျွန်းရဲ့ အခြေအနေဟာ ပေါက်ကွဲလုနီးအခြေအနေမှာ ရှိတယ်လို့ ဂရိပြည်ထဲရေးဝန်ကြီး Yiannis Mouzalas က ဒေသခံ ရေဒီယို ဌာနတခုကို ပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီနှစ်အတွင်းမှာပဲ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကို ဝင်ရောက်လာမယ့် ဒုက္ခသည်အရေအတွက်က ၄ သိန်းထိ ရှိလိမ့်မယ်လို့ UNHCR က ပြောပြီး အရေးပေါ်အကူအညီတောင်းခံပါတယ်။

ဥရောပနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးမယ့် သေချာတဲ့ စံနစ်တခု ရှိရမယ်၊ တနိုင်ငံချင်းစီအနေနဲ့ ဒုက္ခသည်အရေအတွက် တခုကို သတ်သတ်မှတ်မှတ် လက်ခံရမယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ပြောခွင့်ရသူ Mellisa Fleming က ဂျနီဗာမှာ ဒီကနေ့ပဲ ပြောသွားပါတယ်။

ဂျာမန်ဒုတိယဝန်ကြီးချုပ် Sigmar Gabriel ကတော့ သူ့နိုင်ငံအနေနဲ့ တနှစ်ကို ဒုက္ခသည်ငါးသိန်းအထိ နှစ်အနည်းငယ် လက်ခံသွားနိုင်တယ် လို့ တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။ အရင်တုန်းကတော့ ဂျာမနီအနေနဲ့ ဒီနှစ်မှာ ဒုက္ခသည် (၈၀၀,၀၀၀) လက်ခံမယ်လို့ ပြောထားခဲ့ပါတယ်။

XS
SM
MD
LG