ယူရိုငွေကြေးကို အသုံးပြုနေကြတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၁၇ နိုင်ငံအကြား ဘုံစီးပွားရေး အုပ်ချုပ်မှုစနစ် ရှိအောင် ရှေ့နှစ်လယ်မှာ သူတို့ အစိုးရတွေရဲ့ ဘတ်ဂျက်လိုငွေပြမှု မရှိအောင် မဖြစ်မနေ လုပ်ဆောင်ကြဖို့ ဂျာမဏီနဲ့ ပြင်သစ်ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဥရောပတိုက်အတွင်း ဖြစ်ပေါ်နေတဲ့ ငွေကြွေးပြဿနာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ စစ်မှန်တဲ့ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားဖို့ သူနဲ့ ဂျာမဏီ ၀န်ကြီးချုပ် အန်ဂလာ မာခဲလ် (Angela Merkel) တို့ ၂ ဦးစလုံးက လိုလားကြောင်း ပဲရစ်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ပြင်သစ်သမ္မတ နိကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ပြောပါတယ်။
အဲဒီ အုပ်ချုပ်မှုအဖွဲ့ကို ယူရိုဇုန် ၁၇ နိုင်ငံက တိုင်းပြည်ခေါင်းဆောင်တွေနဲ့ ပါဝင်ဖွဲ့စည်းပြီး လက်ရှိ EU ဥက္ကဋ္ဌ ဘယ်လ်ဂျီယံနိုင်ငံက ဟားမန်း ဗန် ရွမ်ပီး (Herman Van Rompuy) က အစပိုင်းမှာ ဦးဆောင်ပြီး တနှစ်မှာ ၂ ခါလောက် အနည်းဆုံး တွေ့ဆုံသင့်တယ်လို့ ဂျာမဏီနဲ့ ပြင်သစ်ခေါင်းဆောင် ၂ ယောက်က အဆိုပြုလိုက်တာပါ။
ယူရိုငွေကြေးကို အကာအကွယ် ပေးသွားဖို့ ဥရောပတိုက်ရဲ့ အကြီးဆုံး စီးပွားနိုင်ငံ ၂ ခုက လိုလား ထောက်ခံတယ်ဆိုတာ ပြသတဲ့ အနေနဲ့ သူတို့ ၂ နိုင်ငံ အတွင်းက ကော်ပိုရေးရှင်းတွေအပေါ် ကောက်ယူတဲ့ အခွန်နှုန်းထားကိုလည်း တပြေးညီတည်းဖြစ်အောင် သတ်မှတ် ပြဋ္ဌာန်းသွားမယ်လို့လည်း သမ္မတ ဆာကိုဇီရော ၀န်ကြီးချုပ် အန်ဂလာ မာခဲလ်ရော ၂ ယောက်စလုံးက ပြောပါတယ်။
ဧပြီနဲ့ ဇွန်လအတွင်း ၂ နိုင်ငံစလုံးရဲ့ စီးပွားရေး တိုးတက်မှုနှုန်း သိသိသာသာ ကျဆင်းသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ကမ္ဘာ့ စီးပွားကျကပ်ကြီးနဲ့ တဖန် ပြန်ရင်ဆိုင်ရမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာ ဂျာမဏီနဲ့ ပြင်သစ် ခေါင်းဆောင်တွေက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။