သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကန်ဦးစားပေး ကူညီမည်


USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊
USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊
မြန်မာနိုင်ငံမှာ သိသာတိုးတက်တဲ့ အပြောင်းအလဲတွေရှိလာပေမယ့်လို့ ဒီအပြောင်းအလဲတွေကို ကျေးလက်နေပြည်သူတွေ ခံစားခွင့် မရကြသေး တာကြောင့် တိုးတက်မှုမှာ အချိုးမညီ တာတွေရှိနေတယ် လို့ မြန်မာနိုင်ငံ ကိုရောက်နေတဲ့ USAID အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံဖြိုးရေး အစီအစဉ် အကြီးအကဲ Dr. Rajiv Shah က ပြောလိုက်ပါတယ်။ ဒီအတွက်လည်း USAID အနေနဲ့ ကျေးလက်ဖွံဖြိုးရေးကို အဓိကထား ကူညီဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ အခြေအနေဟာ ပြီးခဲ့တဲ့နှစ် သူမြန်မာပြည်လာတုန်းကထက်တောင် တိုးတက်ပြောင်းလဲမှုတွေ တွေ့လာရတယ်လို့ Dr.Shah က ချီးကျူးပါတယ်။ အသေးစားလုပ်ငန်းတွေ ဖွံဖြိုးလာသလို၊ ရင်းနှီးမြုပ်နှံမှု စီးပွားရေးတွေ တိုးတက်လာတာကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံဟာ တချိန် အတိတ်ကာလတုန်းက လယ်ယာ စိုက်ပျိုးရေးမှာ အလားအလာကောင်း ခဲ့တဲ့ အတွေ့အကြုံရှိ တာကြောင့်လည်း၊ မြန်မာ့ အနာဂတ် ကောင်းမွန် လာဖွယ်ရှိတယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့်လည်း ဒီ တိုးတက်ပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာ အထူးသဖြင့် ကျေးလက်နေပြည်သူတွေအတွက် ခံစားခွင့် မရကြသေးဘူးလို့ Dr.Shah က ပြောတာပါ။ ဒီကနေ့ ညနေပိုင်းက ရန်ကုန် UNOPS ရုံးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဖွံဖြိုးရေး ဆိုင်ရာဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တကမ္ဘာလုံးမှာရှိတဲ့ ကုမ္ပဏီတွေဟာ ဒီနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားမှုတွေ တိုးလာပါတယ်။ ဒီနိုင်ငံမှာ အထူးသဖြင့်တော့ အလားအလာကောင်းတွေလည်း ရှိတော့၊ မြန်မာလုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ မြင်ရပါတယ်။ ဒီလို တိုးတက်မှုတွေဟာ အထင်ကရပါ။ ဒီလို အသွင်ကူးပြောင်းမှုရှိပေမယ့်လို့ မညီမျှမှုတွေတော့ ရှိပါတယ်။ တိုးတက်ပြောင်းလဲမှုရဲ့ အကျိုးအမြတ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့်မရောက်သေးပါဘူး။ အထူး သဖြင့်တော့ ကျေးလက်နေပြည်သူတွေ ခံစားခွင့် မရကြသေးပါဘူး။”

အထူးသဖြင့်တော့ ကျေးလက်ဒေသဖွံဖြိုးမှုကိန်းဂဏန်းတွေကို ကြည့်ရင် တိုးတက်မှုအတွက် အတော်လေး စိန်ခေါ်ချက်တွေကို တွေ့ရတယ်လို့ Dr.Shah က ထောက်ပြပါတယ်။ မြန်မာကလေးငယ်တွေရဲ့ အရပ်နဲ့ ဖွံဖြိုးမှု ကိုယ်အလေးချိန်ဟာ ရှိသင့်တယ်ဆိုပြီး နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံထက် နိမ့်ကျနေတယ်လို့ဆိုပါတယ်။ ဒါဟာလည်း ငတ်မွတ်မှုနဲ့ အဟာရချို့တဲ့မှုတွေကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း သိထားတယ်လို့ ပြောပါတယ်။

ဒီ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဖွံဖြိုးမှုဟာ တိုင်းပြည်အနာဂတ်ကိစ္စဖြစ်တာမို့၊ တိုင်းပြည်ဖွံဖြိုးရေးကိစ္စ ပြောမယ်ဆိုရင် ဒါကို အရေးတကြီးထားရမယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေရဲ့ လူသက်တမ်းကိုကြည့်ဆိုလည်း ပတ်ဝန်းကျင်အရှေ့တောင်အာရှ နိုင်ငံတွေထက် နိမ့်ကျနေတယ်ဆိုတာ ထောက်ပြပါတယ်။ ဒီအတွက်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဖွံဖြိုးရေးကို ကူညီဆောင်ရွက်သွားမယ်ဆိုတာကို ပိုင်းဖြတ်ထားတဲ့အကြောင်း Dr.Shah က ပြောသွားပါတယ်။

“ကျေးလက်ဖွံဖြိုးရေးအတွက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်အတိုင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီပေးသွားဖို့ အပြည့်အဝပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ပြည်သူတွေ ကလေးငယ်တွေ အဟာရပြည့်ဝရေးနဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာဖို့ အကူအညီပေးသွားမှာပါ။ အဓိကအားဖြင့် ဆင်းရဲမွဲတေမှု လျှော့ပါးလာစေဖို့ ဒီကိစ္စတွေကို ကူညီဆောင်ရွက်ရမယ်ဆိုတာ ကျနော်တို့ သိရှိနားလည်ပါတယ်။ ဒီအတွက်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အသေအချာကို ပစ်မှတ်ထား စီစဉ်ဆောင်ရွက်သွားမှာပါ။ ”

အမေရိကန်ပြည်ထောင်စု USAID အနေနဲ့ ကျေးလက်ဖွံဖြိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေး အကူအညီပေးမှုတွေမှာ အရှေ့တောင် အာရှဒေသတွင်းမှာကို အတွေ့အကြုံတွေ ရှိပြီးသားမို့၊ ထိရောက်အောင် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်မယ်လို့ Dr.Shah က ယူဆပါတယ်။ တဖက်မှာတော့ မြန်မာနိုင်ငံဒေသအချို့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေရှိနေခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားဖွံဖြိုးမှုနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့အပြင်၊ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း တွန့်ဆုတ်စရာဖြစ်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။

USAID အကြီးအကဲ Dr.Rajiv Shah ဟာ ဒီကနေ့မှာတော့ မနက်ပိုင်းက P&G နဲ့ တွဲဖက်လုပ်တဲ့ မြန်မာကလေးငယ်တွေ သောက်ရေသန့်ရရှိရေး အစီအစဉ်ကို ဖွင့်လှစ်ပေးခဲ့သလို၊ မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းက ပုဂိုလ်တွေ၊ ဖွံဖြိုးရေးဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပုဂ္ဂလိကလုပ်ငန်းပိုင်း အထူးသဖြင့် အသေးစားလုပ်ငန်းပိုင်း ဖွံဖြိုးရေးဆောင်ရွက်နေသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန် ကျရင်တော့ နေပြည်တော်သွားပြီး အဲဒီမှာ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါက်တာရှားအနေနဲ့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အခုလို ကျေးလက် ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဆောင်ရွက်ပေးဖို့အပြင်၊ အိုင်တီ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရမှာ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်မှုဖြစ်လာရေးတို့အတွက်လည်း USAID အနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့လည်း ရှိနေပါတယ်။
XS
SM
MD
LG