သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ Green Card လဲလှယ်သူ မျှော်လင့်တာထက်နည်းပါး


ယာယီသက်သေခံအဖြစ်ထုတ်ပေးထားတဲ့ White Card
ယာယီသက်သေခံအဖြစ်ထုတ်ပေးထားတဲ့ White Card

ရခိုင်ပြည်နယ်မှာ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် အပ်နှံသူ ၄ သိန်းနီးပါး အတွက် နိုင်ငံသားစစ်ဆေးခံရမယ့်သက်သေခံကဒ်ပြား အစိမ်းရောင်နေထိုင်ခွင့်ကဒ်တွေ အသစ် ထပ်မံထုတ်ပေးနေရာမှာ အစိမ်းရောင်ကဒ် ထုတ်ယူသူ ၁,၆၀၀ ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့လထဲက White Card ခေါ် ယာယီ သက်သေခံ လက်မှတ်တွေကို ပြန်လည်အပ်နှံဖို့ ကြေညာခဲ့ပေမယ့် အခုထိအပ်နှံထားသူ အများစုဟာ အစိမ်းရောင်ကဒ်ထုတ်ယူမှုမရှိသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

White Card အပ်နှံသူတွေကို ကဒ်အသစ်တမျိုး ဖြစ်တဲ့ နိုင်ငံသားစစ်ဆေးခံရမည့် သက်သေခံ ကဒ်ပြား အစိမ်းရောင်ကို ပြန်လည် ထုတ်ပေးနေပါတယ်။ ပြီးခဲ့တဲ့လ ပထမအပတ်ထဲက ဒီလိုကတ်အသစ်တွေပြန်လည်ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အချို့က စိုးရိမ်မှုတွေကြောင့် လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း၊ လောလောဆယ် တနိုင်ငံလုံးမှာ အစိမ်းရောင်ကဒ် ထုတ်ယူသူ (၄) သောင်းခန့်သာရှိပြီး ရခိုင်ပြည်နယ်မှာတော့ အစိမ်းရောင်ကဒ်ကို ထုတ် ယူသူ ထောင်ကျော်ခန့်သာရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ်ဦးမောင်မောင်သန်းက ပြောပါတယ်။

“အခု နိုင်ငံသားစိစစ်ခံမည့်သူလက်မှတ်-ဆိုတဲ့ဥစ္စာပေါ့၊ အဲဒီ လက်မှတ်တွေကို အခု ပြန်ထုတ်ပေးနေတယ်။ တချို့တွေလည်း လာလုပ်ကြတယ်ပေါ့။ ကျန်တဲ့သူတွေကတော့ လုပ်ဖို့အတွက်ကို ဟောပြောပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲဒီကြားထဲမှာတော့ မဟုတ်မမှန် အသံလွှင့်တဲ့ - ရိုဟင်ဂျာ-လို့ပေးမှယူမယ်ဆိုပြီးတော့ မြှောက်ပေးနေတဲ့လူတွေ၊ ဒါမျိုးတွေ ကတော့ ရှိတာပေါ့။ အဖျက်အမှောင့်လုပ်တယ်ဆိုတာကတော့..”

အစိမ်းရောင်ကဒ်ပြားသစ် ထုတ်ပေးချိန်မှာပဲ နိုင်ငံသားလျှောက်ထားတာကို တပါတည်း လက်ခံဆောင်ရွက်ပေးနေတာကြောင့် လာလဲလှယ်သူအနေနဲ့ နိုင်ငံသားလျှောက်ထားလိုရင် စိစစ်ပေးနေတယ်လို့ပြောပါတယ်။ လက်ရှိ ထုတ်ပေးတဲ့ အစိမ်းရောင်ကဒ်ပြား သစ်ဟာ နေထိုင်ခွင့် အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားပြီးနောက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်အပေါ် မူတည်ပြီး ဥပဒေအရ ခံစားခွင့်ပေးသွားမှာဖြစ်တယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။ ဒီအစိမ်းရောင်ကဒ်ပြား သက်တမ်းဟာ ၂ နှစ်ဖြစ်ပြီး ၂ နှစ်ပြည့်ရင် ပြန်လဲလှယ်ရမှာပါ။ လက်ရှိ နိုင်ငံသားလျှောက်ထားမှုနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးခင်စိုးက ခုလိုပြောပါတယ်။

“သက်သေခံလက်မှတ်အပ်ရင်တော့ နိုင်ငံသားသာ အစစ်မခံသေးဘူးဆိုရင် ဒီမှာနေထိုင်ခြင်းကို အထောက်အကူပြုစေတဲ့ အဲဒီကဒ်ပြားကို လဲကိုင်ရမှာပါ။ တချို့ နိုင်ငံသားအစစ်ခံပါ့မယ်လို့ လျှောက်ထားလာရင် စစ်ပေးတာတွေ ရှိတာပေါ့။ ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီးတော့ ကနေ့အထိဆို နိုင်ငံသား အစစ်ခံမှုအတွက် လျှောက်တဲ့သူပေါင်းက လျှောက်လွှာစိစစ်လက်ခံပြီးတာက ၄၀၆ မှုရှိတယ်။ ၄၀၆ မှုရှိတဲ့အနက်က အဲဒီထဲကနေပြီးတော့မှ မြို့နယ် နိုင်ငံသားစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဖွဲ့ပြီးတော့ စစ်လိုက်တာ။ မြို့နယ်အဖွဲ့ကလည်းစစ်တယ်၊ စစ်ပြီးတော့ ပြည်နယ်ဘုတ်အဖွဲ့ကိုတင်တာ (၇၀) ရှိပါတယ်။ အဲဒီ (၇၀) ကို ပြည်နယ်ဘုတ်အဖွဲ့ကလည်းပဲ ဗဟိုကို တင်ပြပြီး ဖြစ်ပါတယ်။”

ဒီလိုလျှောက်ထားနိုင်ပြီး နိုင်ငံသားပြုခွင့်ရသူတွေဟာ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေ ခံစားရတဲ့ အခွင့်အရေးသာရလျက်ရှိကြောင်း လွတ်လပ်စွာသွားလာခွင့်ကျောင်းတက်ခွင့်မရကြောင်း စစ်တွေမြို့က ဘင်္ဂလီတဦးက အခုလိုပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ မြေပုံမှာလုပ်ပြီးပြီလေ။ မြေပုံမှာ ၃ လအတွင်းမှာ သူတို့ နိုင်ငံသားလက်မှတ် ထုတ်ပေးတာ တွေ့ပါတယ်။ ဒါတော့မှန်တယ်၊ ၃ လအတွင်းမှာရတာ။ ကျနော်တို့နိုင်ငံသား စိစစ်ခံလို့ရပါတယ်။ ဒါပေမယ့် ရတဲ့လူတွေဟာ အဲဒီနိုင်ငံသားလက်မှတ်ကို ကိုင်လို့ ဘယ်လိုမှ လုပ်လို့မရသေးဘူးခင်ဗျ။ မြေပုံကလူတွေ ဘယ်ကိုမှ သွားလို့မရသေးဘူးခင်ဗျ။ ကျနော်တို့ လုံးပမ်းမယ်ဆိုရင်တော့ရတယ်။ ဘင်္ဂလီနဲ့ရမယ်ဆိုတာလည်း သိတယ်။ နိုင်ငံတော် တက္ကသိုလ်ကျောင်းတက်လို့မရဘူး။ အဲဒါမျိုးတွေကို ကျနော်တို့ ပြောချင်တာပါ။”

လောလောဆယ်မှာတော့ အစိုးရက ဘင်္ဂါလီလို့ အသိအမှတ်ပြုတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို သူတို့နေထိုင်ရာမြို့နယ်က ကျော်လွန်ပြီး ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနက ခွင့်ပြုချက်ရယူဖို့ လိုအပ်နေပါတယ်။ သက်တမ်းကုန်ဆုံးနေတဲ့ ယာယီသက်သေခံကဒ်ပြားကို ဆက်လက်ကိုင်ဆောင် အသုံးပြုမယ်ဆိုရင် ဒါမှမဟုတ် အစိမ်းရောင်ကဒ် ကိုင်ဆောင်ခြင်းမပြုသူတွေကို အမျိုးသားမှတ်ပုံတင်နည်းဥပဒေနဲ့ ငြိစွန်းပြီး ပြစ်မှုထင်ရှားရင် ၂ နှစ်ထက်မပိုတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ ထောင် ဒဏ်ဖြစ်စေ၊ ငွေ ၅,၀၀၀ ကျပ်ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်၊ ထောင်ဒဏ် ၂ ရပ်စလုံးဖြစ် စေကျခံရမှာ ဖြစ်ပါတယ်။

ဒီလိုကြေညာထားပေမယ့် သွားရောက်ထုတ်ယူမှုနည်းနေတာနဲ့ ပတ်သတ်ပြီး စစ်တွေမြို့ခံဘင်္ဂလီတဦးကတော့ ခုလိုပြောပါတယ်။

“၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရလည်း ဒီ White Card ကိုထုတ်ပေးတော့ ကျနော်တို့ White Card ကိုရပါတယ်။ ဒါပေမယ့် အခု ဒီ Green Card ထုတ်ပေးတဲ့အချိန်မှာကျတော့ အဲဒီလို မဟုတ်တော့ဘူးခင်ဗျ။ ဘင်္ဂလီလူမျိုးများ၊ နိုင်ငံသားစစ်ဆေးမှုခံယူမည့်ကဒ်ပြား-ဆိုပြီးတော့ ပေးလာတယ်။ အဲဒီတော့ အစိုးရက precondition အနေနဲ့ ကျနော်တို့ကို ဘင်္ဂလီလူမျိုးများဆိုပြီးတော့ နိုင်ငံခြားကနေ ခိုးဝင်လာပြီးတော့မှ နိုင်ငံသားစစ်ဆေးမှု ခံယူရမယ်ဆိုတဲ့အနေအထားဆိုတော့ ကျနော်တို့ လက်ခံလို့မရဘူးခင်ဗျ။ အဲဒါကို လူတွေက လက်မခံကြတာပါ။”

မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တဲ့ မိုးပွင့်-အထူးစီမံချက်ကို အရှိန်မြှင့်ဆောင်ရွက်နေတာကြောင့် ယာယီသက်သေခံ လက်မှတ် (White Card) သက်တမ်းကုန်ဆုံးရက်ကို ဒီနှစ် မတ်လ ၃၁ ရက်နေ့ သတ်မှတ်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်အတွင်း ပြန်လည်အပ်နှံဖို့ နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီ White Card ကို ပြန်လည်သိမ်းယူပြီး နိုင်ငံသားစစ်ဆေးခံရမည့် သက်သေခံကတ်ပြားလို့ခေါ်တဲ့ အစိမ်းရောင်ကဒ်ကို ဇွန်လ ၅ ရက်နေ့က စတင်ပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG