သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ကျူလွန်သူ ၄၇ ဦး ဆော်ဒီ ကွပ်မျက်


ဆော်ဒီက ကွပ်မျက်မှုများကို ကန့်ကွက်ဆန္ဒပြနေစဉ်။
ဆော်ဒီက ကွပ်မျက်မှုများကို ကန့်ကွက်ဆန္ဒပြနေစဉ်။

ထင်ရှားတဲ့ Shi'ite ဘာသာရေးခေါင်းဆောင်တဦး ဖြစ်တဲ့ Nimr al-Nimr အပါအဝင် အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ ၄၇ ယောက်ကို စနေနေ့က ကွပ်မျက် လိုက်တယ်လို့ ဆော်ဒီအာရေးဗျ ပြည်ထဲရေးဝန်ကြီးဌာန ကပြောပါတယ်။ ဒီထဲမှာ Chad နိုင်ငံသားတဦးနဲ့ အီဂျစ်နိုင်ငံသားတဦးပါဝင်ပါတယ်။ ကွပ်မျက်မှုတွေ ကို ဆော်ဒီနိုင်ငံတဝှမ်းက မြို့၁၂ မြို့မှာ ပြုလုပ်သွားတာပါ။

Nimr al-Nimr ဟာ၂၀၁၁ ခုနှစ် Shi'ite တို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အာရပ်နွေဦး လှုပ်ရှားမှုမှာ ထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ သူ့ကို အခုလို ကွပ်မျက် လိုက်တာကြောင့် တိုင်းပြည်တွင်းက Shi'ite လူနည်းစုတွေကို နှိမ့်ချ ဆက်ဆံတဲ့ အပေါ် မကျေမနပ်ဖြစ်တဲ့ လူတွေကြား မတည်မငြိမ်ပြန်ဖြစ် လာနိုင်ပါတယ်။

Al Nimr ကို ကွပ်မျက်လိုက်ယုံနဲ့ တန်းတူညီမျှရေး လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေ ဟာ ရပ်တန့် သွားမှာမဟုတ်ဘူးလို့ သူ့ရဲ့ညီတယောက်က တွစ်တာ လူမှုကွန်ယက် စာမျက်နှာမှာရေးသားထားပါတယ်။ အခုလို သတ်ဖြတ်လိုက်ရုံနဲ့ လူ့ အခွင့်အရေး အတွက် တောင်းဆိုမှုတွေ ရပ်သွားမယ်လို့ ထင်ရင် မှားသွားမယ့် အပြင် ပြည်တွင်းပြန်လည်ပြုပြင်ရေး အတွက်တောင်းဆိုမှုတွေကို ငြိမ်းချမ်းစွာ ဆက်လုပ်သွားမယ်လို့ လည်းရေးသားထားပါတယ်။

Al Nimr ကို ကွပ်မျက်လိုက်တဲ့အတွက် မတည်ငြိမ်မှုတွေပြန်ဖြစ်လာနိုင်တယ်ဆိုပြီး လက်ဘနွန်ရောက် Shi'ite ထိပ်တန်း ဘာသာရေးခေါင်းဆောင်တယောက်သတိပေး ပါတယ်။ အီရန်ရဲ့ Shi'ite ဘာသာရေး ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ Ayatollah Ahmad Khatami ကလည်း Nimr ကို ကွပ်မျက်လိုက်တာဟာ ဆော်ဒီနိုင်ငံထဲ အာဏာပိုင်တွေရဲ့ ရာဇဝတ်မှုဆန်တဲ့ အုပ်ချုပ်ရေး သဘောသဘာဝကို ထင်ဟပ် လိုက်တာဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေကလည်း ဒီအရေးကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ဒီအာဏာရှင်တွေကို တတ်နိုင်သမျှ လူသိရှင်ကြား ရှုံချသွားမယ် လို့ Mehr သတင်းအေဂျင်စီနဲ့တွေ့ဆုံခန်းမှာ ပြောကြားသွားပါတယ်။

Al Nimr ကို ကွပ်မျက်လိုက်တဲ့အတွက် ဆော်ဒီအစိုးရအနေနဲ့ ကြီးမား တဲ့ပေးဆပ်မှုတွေ ပြန် လုပ်ရလိမ့်မယ်ဆိုပြီးတော့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hossein Jaber Ansari က ပြောဆိုပါတယ်။

ဆော်ဒီအာရေးဗျမှာ ခုလိုကွပ်မျက်မှုတွေကို လူထုကြား လုပ်လေ့ရှိပြီး မကြာခဏ ဆိုသလို ကွပ်မျက်ခံရတဲ့လူတွေကို လူမြင်ကွင်းမှာပြသထားတာမျိုး လည်းရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေကပြောပါတယ်။ စနေနေ့က ကွပ်မျက်မှုတွေကိုတော့ အကျဉ်းထောင်တွင်း မှာဘဲပြုလုပ်ခဲ့တာဖြစ်တယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။

XS
SM
MD
LG