သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် လူ့ဘောင်သစ် နိုင်ငံရေးပါတီ မှတ်ပုံတင်မည်


ပြည်တွင်းမှာ အစိုးရနဲ့ နှုတ်ကတိရထားပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်တော့မယ့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၁၃)
ပြည်တွင်းမှာ အစိုးရနဲ့ နှုတ်ကတိရထားပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်တော့မယ့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၁၃)
(၈) လေးလုံးအရေးအခင်းနောက် ပေါ်ပေါက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အခြေစိုက်ထားခဲ့တဲ့ လူဘောင်သစ်ဒီမိုကရစ်တစ်ပါတီက ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ နှုတ်အားဖြင့် သဘောတူထားကြောင်း နဲ့ ရှေ့လုပ်ငန်း စဉ်တွေဆောင်ရွက်ဖို့အတွက်ဆက် ဆံရေးရုံးကို ရှေ့လထဲမှာ ဖွင့်သွားဖို့ ရှိနေ ပါတယ်။ သူတို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘဝင်မကျပေမဲ့ အပြောင်း အလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်ဖို့ဆိုရင် လူထုကြားထဲမှာ ပြန်ရပ် တည်ဖို့လိုတာကြောင့် အခုလို ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရသူတွေက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသူရစိုးက တင်ပြပေးထားပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်နေတာ တလလောက်ရှိနေပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အခုလို ထုတ်ဖော် ကြေညာလိုက်တာဖြစ်ပါတယ်။
မကြာမီမှာ ပါတီကို တရားဝင် ပြန်လည်မှတ်ပုံတင်မယ့် အကြောင်းကိုတော့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလို ပြောပါတယ်။

“အစိုးရနဲ့ညှိနှိုင်းပြီးပြီ။ နှုတ်ကတိလည်း ကျနော်တို့ ရထားပြီးပြီ။ အဲဒီနှုတ်ကတိအရ ကျနော်တို့ ဘာမဆို ဆောင်ရွက်လို့ ရပြီဖြစ်ပါတယ်။”

ပါတီဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးဇော်ဇော်ထွန်းကတော့ ဘာကြောင့် အခုလို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။

“၂၀၀၈ ကို လက်မခံနိုင်ပေမယ့် ဘာကြောင့် ပါတီ မှတ်ပုံတင်ရသလဲဆိုတော့ လက်ရှိအခြေ အနေမှာ ကျနော်တို့ ပါတီက ၂၁ နှစ်ကြာအောင် လူထုနဲ့ဝေးခဲ့တယ်။ နယ်စပ်ဒေသမှာ အခြေစိုက် ခဲ့ရပါတယ်။ အခုနပြောသလို အပြောင်းအလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ပါတီကို လူထုကြားထဲမှာ ပြန်ရပ်တည်ဖို့ လိုပါတယ်။ အဲဒီအတွက် လတ်တလောမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရေးဆိုတဲ့ လုပ်ငန်းကို ပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဒီလို ပါတီမှတ်ပုံတင်ဖို့ ပြန်စဉ်းစားရတာပါ။”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခေါင်းဆောင်အဖြစ်နဲ့ သဘောထားပြီး ပါတီရဲ့အဓိက မဟာမိတ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ပါတီကတော့ တပ်ဦးမှာ ရှိနေမှာဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် တခြား ဒီမိုကရေစီရေး နဲ့ငြိမ်းချမ်းရေးကို လိုလားသောအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အစိုးရက လာမဲ့ရွေးကောက်ပွဲမှာ ကျင့်သုံးနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြတဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုမှု စနစ်ကို တည်ဆဲဥပဒေအောက်က ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မူအရ မငြင်းပေမဲ့ မြန်မာပြည်အတွက် ဒီ အချိုးကျ မဲပေးစနစ် ကျင့်သုံးဖို့အဆင်သင့် မဖြစ်သေးဘူလို့ ဦးဇော်ဇော်ထွန်းက အခုလိုပဲရှင်းပြပါတယ်။

“ဘယ်လို အခြေအနေတွေပဲဖြစ်နေ ဖြစ်နေ ကျနော်တို့က တရားဝင်မှတ်ပုံတင်ပြီးပြီဆိုရင်တော့ လက်ရှိ တည်ဆဲ ဥပဒေအောက်က ပါတီရပ်တည်ရေးအတွက် စဉ်းစားရမယ့် ကိစ္စတွေ ရှိပါတယ်။ အခုနက ကျနော်တို့ ရဲဘော်ပြောခဲ့သလို PR (Prooptional Ratio) စံနစ်နဲ့ ပတ်သက်ရင် မူအရ ကျနော်တို့ မငြင်းပါဘူး။ ဒါပေမဲ့ ဗမာပြည်လက်တွေ့က PR စံနစ်ကို ကျင့်သုံးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျနော်တို့ယူဆပါတယ်။”

ပြည်ပမှာ နေထိုင်နေပြီး တခြားနိုင်ငံသားခံယူထားတဲ့ပါတီခေါင်းဆောင်တွေအနေနဲ့ သက်ဆိုင် ရာနိုင်ငံသား ခံယူထား တာကို စွန့်လွတ်ကြဖို့နဲ့ နိုင်ငံတော်အစိုးရကလည်း သူတို့ကို နိုင်ငံသား ကဒ် ပြန်ထုတ်ပေးဖို့ကို သဘောတူထား တယ်လို့လည်း ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမိုးသီးဇွန်က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ပါတီဆိုင်းဘုတ်ကို ဖြုတ်ခဲ့တဲ့အတွက် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မာနယ်ပလောကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG