သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦးအမြင်


Michael Becker
Michael Becker

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရားသူကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာဖို့မရှိဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်ကို တရားရုံးအနေနဲ့ လက်ခံဖို့ သင့်မသင့် မနေ့က ICJ တရားရုံးမှာ ကြားနာပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာတရားရုံးမှာ မနေ့က မြန်မာစစ်ကောင်စီဘက်က စတင်ခုခံချေပခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကအခုလို သုံးသပ်ပါတယ်။

“ဒီကနေ့ ကျနော်တို့ ကြားခဲ့ရတဲ့ မြန်မာဘက်က ခုခံချေပချက်တွေဟာ အရင် ၂၀၁၉ ဒီဇင်ဘာလက လျှောက်လှဲ ခုခံချေပချက်တွေကိုပဲ ထပ်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ICJ တရားရုံးမှာ

ကြားဖြတ်အရေးယူ ဆောင်ရွက်ချက် အစီအမံတွေချမှတ်သင့်မသင့် ကြားနာပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကြားနာပွဲမှာလည်း မြန်မာဘက်ကအခွင့်အရေးရခဲ့တာက ဂမ်ဘီယာက သူ့အပေါ် စွဲဆိုထားတဲ့ ဂျီနိုဆိုက်အမှုကို တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်မရှိဘူးလို့ ချေပခွင့်ရခဲ့သလို၊ အရေးပေါ်ကြားကာလ အစီအမံအတွက် အဆိုပြုချက်တွေကို ကန့်ကွက်ကြောင်း လျှောက်လှဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုကြားနာပွဲမတိုင်ခင်ကတည်းက ကျနော်တို့ တွက်ဆထားတဲ့အတိုင်း မြန်မာဘက်က ခုခံချေပချက်တွေဟာ အရင်ကအတိုင်းပဲဖြစ်တာတွေ့ရပါတယ်။”

၂၀၁၉ခုနှစ်က ICJ မှာ ခုခံလျှောက်လှဲချိန်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ကာလဖြစ်နေတာပါ။ အခု ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကိုယ်စားပြုအဖွဲ့ခုခံချေပရာမှာ ကွာခြားချက်တချို့ရှိခဲ့တာနဲ့ ပတ်သက်လို့ Michael Becker ကပြောပါတယ်။

“ကွာခြားတာက မြန်မာဘက်က အချိန်ပိုရခဲ့ပြီးတော့ ရှေ့နေအသစ်တွေလည်းရခဲ့တာပါ။ နောက်ပြီး သူတို့ အဓိကခုခံချေပထားတဲ့ အချက်လေးချက်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လျှောက်လှဲခဲ့တာတွေ့ရပါတယ်။”

ဒါပေမယ့် ICJ နိုင်ငံတကာတရားရုံးက ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ မြန်မာအပေါ် ချမှတ်ခဲ့တဲ့ ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်များ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် မြန်မာရဲ့ ခုခံချေပချက်တွေကို တရားသူကြီးတွေက ပယ်ချခဲ့တာပါ။ ဒါကြောင့် အခုကြားနာပွဲမှာ မြန်မာရဲ့လျှောက်လှဲချက်တွေမှာ အားကောင်းပြီး ထူးခြားပြောင်းလဲတဲ့ အချက်တွေမတွေ့ရတဲ့အတွက် ICJ တရားသူကြီးတွေက ပယ်ချဖို့ အလားအလာရှိနေကြောင်း Michael Becker ကပြောပါတယ်။

"အခု ICJ တရားသူကြီးတွေ ထပ်ပြီး ကြားနာခဲ့ရတဲ့အချက်တွေဟာ ကြားဖြတ်အရေးယူဆောင်ရွက်ဖို့ အစီအမံတွေအတွက် ကြားနာပွဲမှာ သူတို့ ပယ်ချခဲ့တဲ့ အချက်တွေကိုပဲ မြန်မာဘက်က ပြန်ပြီးလျှောက်လဲချက်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုတကြိမ်မှာလည်း ICJ တရားရုံးက ပြန်ပြီး ပယ်ချနိုင်ဖို့ အလားအလာရှိနေပါတယ်။ "

Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------












XS
SM
MD
LG