သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကို ဘယ်သူတွေ ထောက်ပံ့သလဲ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ "No Money for Terror" နိုင်ငံတကာညီလာခံ (ဧပြီ ၂၆၊ ၂၀၁၈)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ "No Money for Terror" နိုင်ငံတကာညီလာခံ (ဧပြီ ၂၆၊ ၂၀၁၈)

ပင်လယ်ကွေ့ဒေသနိုင်ငံတွေအကြား စိတ်ဝမ်းကွဲနေမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုကိုအားပျော့စေတယ်လို့ ကျွမ်းကျင်သူတွေသတိပေးနေကြပါတယ်။ Qarter နိုင်ငံ နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေကြတဲ့အတွက်လဲ “အကြမ်းဖက်မှုအားပေးတယ်” ဆိုတဲ့ကိစ္စဟာ နိုင်ငံရေးအရ ရမယ်ရှာ ထိုးနှက်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။

VOA သတင်းထောက် Rikar Hussein ပေးပို့တဲ့ သတင်းဆောင်းပါးကို ဦးကျော်ဇံသာက ပြောပြမှာပါ။

အကြမ်းဖက်မှုအတွက် ဘဏ္ဍာရေးထောက် ပံ့တာကိုတိုက်ဖျက်ဖို့ နိုင်ငံ ၇၀ ကျော်က ကိုယ်စားလှယ်တွေ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြချိန်မှာပဲ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကြား ပဋိပက္ခဖြစ်နေတဲ့အတွက် ဒါဟာ ထိရောက်နိုင်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြလိုက်ကြပါတယ်။ ပါရီမှာ၂ ရက်ကြာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာ ပင်လယ်ကွေ့နိုင်ငံတွေဟာ အကြမ်းဖက်မှုကို ဘဏ္ဍာရေးထောက်ပံံ့တယ်လို့ အချင်ချင်းအပြန်အလှန်စွပ်စွဲနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဂျွန်လက လက ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ GCC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း နဲ့ အီဂျစ်တို့က အလားတူအဖွဲ့ဝင်ဖြစ်တဲ့ ကာတာနိုင်ငံဟာ အီရန်နဲ့ပေါင်းပြီး ဒေသတွင်း အစ္စလာမ်မ်စတွေကို ထောက်ပံ့နေတယ်လို့စွပ်စွဲခဲ့ကြပါတယါ်။

ဒီပါရီစည်းဝေးပွဲနဲ့ တပြိုင်ထဲ ပြုလုပ်တဲ့ အမေရိကန်ပြည်ထာင်စု အောက်လွှတ်တော် “အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ကြားနာပွဲ “ တရပ်မှာ အရှေအလယ်ပိုင်းရေးရာ ကျွမ်းကျင်သူူ Katherine Bauer က အခုလိုပြောကြားလိုက်ပါတယ်။

"အချင်းချင်းစိတ်ဝမ်းကွဲပြားမှုဟာ အဖွဲ့ဝင်အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လမ်းလွှဲသွားစေပါတယ်။ ဒီစိတ်ဝမ်းကွဲမှုကြောင့် “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ” နဲ့ တခြား “ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” တွေအနှောင့်အယှက်မဖြစ်ရအောင် အမေရိကန်က ဆက်လက်လုပ်ဆောင်သင့်ပါတယ်။"

ပင်လယ်ကွေ့ဒေသနိုင်ငံပေါင်းတဒါဇင်ကျော်မှာ အမေရိကန်စစ်ဘက်ကလူတွေထောင်နဲ့ချီရှိနေကြပါတယ်။ သူတို့ဟာ အီရန်သြဇာလွှမ်းမိုးမှု ဆန့်ကျင်ရေးနဲ့ အာရေဗျကျွန်းဆွယ်က အယ်ခိုင်းဒါး နဲ့ အခြားအကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်နေကြတာပါ။

ဒါပေမယ့် ဒီဒေသဟာ အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ကို ယုံကြည်တဲ့ အလှုရှင်တွေဆီက ဒေါ်လာသန်းပေါင်းများစွာ ရရှိရာ အကြမ်းဖက်ပျ ိုးခင်းဖြစ်နေတယ်လို့ အမေရိကန်အရာရှိတွေက ဆိုနေကြပါတယ်။

Katherine Bauer ကတော့ ဒီအတွက်အပြစ်တင်ရမယ့် နိုင်ငံဟာ ကာတာတနိုင်ငံထဲမဟုတ်၊ GCC နိုင်ငံအားလုံးပဲဖြစ်တယ်လို့ဆိုပါတယ်။ အခုလို ကာတာတနိုင်ငံထဲကိုပဲ အပြစ်တင်နေခြင်းအားဖြင့် ကျန်နိုင်ငံတွေကို ကြိုက်သလို လုပ်ခွင့်ပေးထားရာရောက်နေတယ်လို့ ဆိုပါတယ်။

ဒီလိုပင်လယ်ကွေ့နိုင်ငံတွေကြားအငြင်းပွါးမှု အစပိုင်းမှာတော့ အမေရိကန်သမ္မတ Donald Trump ဟာ ဆော်ဒီအာရေဗျအပါအဝင် တခြားအာရပ်နိုင်ငံတွေဘက်က ရပ်တည်ပြီး ကာတာနိုင်ငံကို အကြမ်းဖက်ရံပုံငွေရှာပေးသူအဖြစ် ရှုတ်ချခဲ့ပါတယ်။ ဒီလို ဝိုင်းပယ်ခံရတဲ့အတွက် ကာတာကို အီရန်နဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ Bauer ကဆိုပါတယ်။

အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဌာန Terrorist Financing Targeting Center (TFTC)

အမေရိကန်ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေဟာ TFTC လို့ခေါ်တဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဌာန ကိုမနှစ်က မေလမှာ ဖွဲ့စည်းပြီး ဒီလိုတိုက်ဖျက်နိုင်ဖို့အတွက် လိုအပ်တဲ့အထောက်အပံ့ှတွေ၊ စွမ်းရည်တွေ ပံ့ပိုးခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ ကာတာ တို့ဟာ အကြမ်းဖက်ထောက်ပံံ့ရေးတိုက်ဖျက်မှုကို အားပေးဖို့ သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေဟာ IS နဲ့ အယ်လ်ခိုင်းဒါး အပါအဝင် အကြမ်းဖက်အုပ်စုတွေကို ငွေကြေးထောက်ပံ့ သူလို့ သတ်မှတ်ခံရတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ လုပ်ငန်းတွေအတော်များများအပေါ် ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဒီလအစောပိုင်းမှာ သမ္မတ Trump ဟာ ကာတာအကြီးအကဲ Sheik Tamim al-Thani ကို အိမ်ဖြူတော်မှာ လက်ခံပြီး အကြမ်းဖက်ထောက်ပံ့မှု တိုက်ဖျက်ရေးကို တက်ကြွလှုပ်ဆောင်သူအဖြစ် ချီးကျူးခဲ့ပါတယ်။

"ကျနော်တို့နဲ့ အမှန်တကယ်ဆက်စပ်နေတဲ့ နိုင်ငံတွေအားလုံးက အကြမ်းဖက်မှု ငွေကြေးထောက်ပံ့တာ ရပ်ဆိုင်းသွားအောင် ကျနော်တို့ သေသေချာချာလုပ်နေပါတယ်။ ဒီလိုရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အခြားနိုင်ငံတွေပါဝင်ပါတယ်။ ဒါပေမယ့် ထောက်ပံံ့နေတဲ့ နိုင်ငံတွေ အများကြီးပါ။ ဒါတွေကိုလည်း ရပ်ဆိုင်းသွားအောင် ကျနော်တို့လုပ်ဆောင်နေပါတယ်။"

မပြေလည်သေးတဲ့ ထိပ်တိုက်ရင်ဆိုင်မှု

သို့သော်လည်းပဲ ပင်လယ်ကွေ့ နိုင်ငံတွေကြားထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေသေးတဲ့အတွက် ဒီအားထုတ်မှုဟာ အလဟဿ ဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အမေရိကန်လွှတ်တော်အမတ်တွေကို သတိပေးခဲ့ကြပါတယ်။

အသေရေဖျက်မှု ဆန့်ကျင်ရေးအဖွဲ့ချုပ်က David Weinberg ကတော့ ဒီလို ပင်လယ်ကွေ့နိုင်ငံတွေကြား အငြင်းပွါးမှုရှိနေသေးတဲ့အတွက် အကြမ်းဖက်မှု အားပေးတယ်ဆိုတဲ့ ကိစ္စကို နိုင်ငံရေးအရ ထိုးနှက်ဖို့စွပ်စွဲလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် ပြိုင်လက်နိုင်ငံတွေကို ရမည်ရှာပြီး စွပ်စွဲနေကြပါတယ်တဲ့။

"ကာတာကို ဆန့်ကျင်တဲ့နိုင်ငံတွေ မနှစ်က ထုတ်ပြန်ကြေငြာထားတဲ့ အကြမ်းဖက်မှု ထောက်ပံ့သူစာရင်းကို အမေရိကန်က ပြန်လည်သုံးသပ်ပြီး အမှန်တကယ်ထောက်ပံ့နေပြီး ဒီစာရင်းမှာမပါတဲ့သူတွေကို ပစ်မှတ်ထားဒဏ်ခတ်သင့်ပါတယ်။"

စာရင်းထဲမှာ ပါနေတဲ့သူတချို့ဟာ အမေရိကန်ရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီပဲ နိုင်င့ရေးအရ တမင်ဆွဲထည့်ခခံထားရတာဖြစ်နိုင်သလို တချို့တော့ ကိုက်ညီလိမ့်မယ်လို့လည်း သူကပြောပါတယ်။

XS
SM
MD
LG