တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့က သိုလှောင်ရုံတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို တရုတ်အာဏာပိုင်တို့ ဆက်လက် စုံစမ်းစစ်ဆေးနေချိန်မှာ ဒေသခံတို့ကတော့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အနီးအနားမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေနိုင်တဲ့ အပေါ် စိုးရိမ်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Tianjin မြို့က အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်ရုံ တခုမှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း က ပေါက်ကွဲမှု ဖြစ်ခဲ့ တာဖြစ်ပြီး ဒီကနေ့ သောကြာနေ့ အစောပိုင်း အထိ ပေါက်ကွဲမှုဖြစ်ထားတဲ့ နေရာ အနီးမှာ မီးထလောင်တာတွေလည်း ရှိနေဆဲပါ။
သေဆုံးသူ ၅၆ ဦးထိတိုးလာပြီး ဒီထဲမှာ မီးသတ်သမား ၂၁ ဦးတို့လည်း ပါဝင်တယ်လို့ တရုတ် အာဏာပိုင်တို့က ပြောပါတယ်။ ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရထားသူ ၇၀၀ တို့ထဲမှာလည်း ၃၃ ဦးတို့က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ တာဝန်ရှိသူတို့က ပြောပါတယ်။
လူဘယ်နှစ်ယောက် ပျောက်ဆုံးနေလဲ ဆိုတာလည်း မသိရသေး သလို သေဆုံးသူတွေ တိုးလာဦးမယ်လို့လည်း အများက ထင်မြင်ယူဆနေကြပါတယ်။
စစ်ဘက်ဆိုင်ရာ နျူးကလီးယားနဲ့ ဇီ၀ ဓာတုဆိုင်ရာ ကျွမ်းကျင်သူ ၂၁၇ ဦးတို့ ပါဝင်တဲ့ အဖွဲ့က နိုင်ငံတကာ အနျုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ဘေဂျင်းရုံးခွဲက အဖွဲ့တို့ကို အခင်းဖြစ်ပွားရာ နေရာထံကို စေလွှတ်ထားပြီး ဖြစ်တယ်လို့လည်း တရုတ် အစိုးရသတင်းစာ Xinhua သတင်းဌာနက ဖော်ပြပါတယ်။