သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်တင်ပို့မှု ယာယီရပ်ဆိုင်း


ဆန်တင်ပို့မှု ယာယီရပ်ဆိုင်း
ဆန်တင်ပို့မှု ယာယီရပ်ဆိုင်း

မြန်မာနိုင်ငံကနေ ပြည်ပ ဆန်တင်ပို့မှုတွေကို အာဏာပိုင်တွေက မကြာသေးခင်ကပဲ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းတွေ သိသိသာသာ တက်လာနေတာမို့ ဒီအခြေအနေတွေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေဘက်က ကြိုးပမ်းလာတာ ဖြစ်နိုင်တယ်လို့လည်း ကုန်သည်တွေကတော့ မြင်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ပြည်ပဆန်တင်ပို့မှုတွေကို ယာယီရပ်ဆိုင်းဖို့ မြန်မာ့ကုန်သွယ်မှုဆိုင်ရာ မူဝါဒရေးရာ ကောင်စီက ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ဆန်ကုန်သည်၊ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ပြည်ပတင်ပို့ဖို့ ခွင့်ပြုချက် ရထားပြီးဖြစ်တဲ့ ဆန်တွေကတော့ ဆက်လက် ပို့ဆောင်ခွင့်ရမှာဖြစ်ပြီး အသစ်ပို့ခွင့်တွေကို ယာယီ ရပ်ဆိုင်းထားမှာသာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။

“ခွင့်ပြုပြီးသား လိုင်စင်လို့ ခေါ်မှာပေါ့၊ Export လိုင်စင်ကတော့ တန်ချိန်ရှိသလောက်ကို အကုန်ပေးရမှာပေါ့။ တန်ချိန်က ဆိုလိုတာ လိုင်စင်တစောင်ကို သက်တမ်းက ၃ လ ပေးတာကိုး၊ များသောအားဖြင့်။ အဲတော့ ၃ လအတွင်းကို တန်ချိန် ၁၀,၀၀၀ ဖြစ်ဖြစ်၊ ၂၀,၀၀၀ ဖြစ်ဖြစ်၊ ၃၀,၀၀၀ ဖြစ်ဖြစ် ရသလောက်တော့ ပို့ခွင့်ရှိတာပေါ့။ နောက်ထပ် အသစ်ထပ်လျှောက်တဲ့ လိုင်စင်ကိုတော့ မပေးဘူးပေါ့ဗျာ။”

မကြာသေးခင် ရက်ပိုင်းတွေကစလို့ ဆန်ဈေးတွေ သိသိသာသာ တက်လာနေချိန်မှာပဲ ပြည်ပဆန်တင်ပို့မှု ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားချက် ထွက်ပေါ်လာတာမို့ ဒါဟာ ဈေးနှုန်းကို ထိန်းချုပ်ဖို့ ရည်ရွယ်ပုံရတယ်လို့လည်း ကုန်သည်တွေက ယူဆကြပါတယ်။ ဈေးကွက်ထဲမှာ ဆန်ဈေးတွေ မကြာသေးခင်ကစလို့ အဆမတန် တက်လာနေသလို ဒီနှစ်ဆန်းပိုင်းမှာ ရာသီဥတုဒဏ်ကြောင့် ဆန်အထွက် ကျဆင်းတာတွေကြောင့် ပြည်တွင်းမှာ ဖူလုံဖို့ အခုလို ပြည်ပတင်ပို့မှုတွေကို ပြန်လည် ကန့်သတ်လာတာလို့ ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။

“အချောပေါ့ဗျာ၊ အချောဆိုတာ ပေါ်ဆန်းတွေ၊ ပေါ်ကျွဲတွေ၊ တောင်ပြန်တွေ၊ အဲဒီ ဆန်အချောတွေကတော့ တော်တော်တက်သွားတယ်ဗျ။ ဖြစ်သင့်တဲ့ဈေးထက် ၁၀,၀၀၀ လောက် ပိုတက်သွားတယ်ဗျ၊ ဆန်တအိတ်ကို။ အရင်က ၂၅,၀၀၀ လောက်၊ ၂၆,၀၀၀ လောက်ရှိတဲ့ ဆန်တအိတ်က ၃၅,၀၀၀၊ ၃၆,၀၀၀ လောက် ဖြစ်သွားတယ်ဗျ။

“ဆန်ကြမ်းတွေကတော့ သိပ်မထူးပါဘူး။ အများကြီးလည်း မတက်ဘူး၊ အများကြီးလည်း သိပ်မကျဘူး။ အဓိကပို့တာတော့ ဆန်ကြမ်းပဲ။ ဒီနှစ်ကျတော့ ဆန်ချောအထွက်လည်း နည်းနည်းလျော့တယ်၊ ရွှေဘို ပေါ်ဆန်းနဲ့ ဖျာပုံ ပေါ်ဆန်းပေါ့ဗျာ၊ နှစ်ဦးပိုင်းက ရာသီဥတု နည်းနည်း ပြင်းသွားတဲ့ အခါကြတော့ အထွက်လျော့တော့ ရပ်ဆိုင်းလိုက်တဲ့ Export ထဲမှာ ဆန်အချောလည်း ပါမယ်လေ။”

မြန်မာနိုင်ငံက ပြည်ပဆန်တင်ပို့မှုမှာ ဆန်ကြမ်းတွေကိုသာ အဓိက တင်ပို့နေတာ ဖြစ်ပေမဲ့လည်း ဒီနှစ်ပိုင်းမှာတော့ ဆန်ချောတွေကိုပါ တင်ပို့မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန် ပြည်ပတင်ပို့မှုတွေကိုတော့ အဓိကအားဖြင့် အာဖရိကနဲ့ အာရှနိုင်ငံတွေကို ပို့ဆောင်နေတာပါ။

ပြည်ပကို တင်ပို့နေတဲ့ ဆန်ကြမ်းဈေးကတော့ ဒီတပတ်ထဲမှာ ၁၃,၀၀၀ လောက် ရှိနေပြီး ပေါ်ဆန်းမွှေးလို ဆန်ချောဈေးနှုန်းကတော့ တအိတ်ကို ၃၅,၀၀၀ လောက်အထိ ရှိနေတာပါ။ ဒီရက်ပိုင်းတွေအတွင်း လောင်စာဆီ ဈေးနှုန်းတွေ တက်လာတာ၊ မကြာသေးခင် လတွေကစလို့ သယ်ယူပို့ဆောင်မှုတွေ လုပ်ရာမှာ ကုန်တွေ သတ်မှတ်တာထက် ပိုမတင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်လိုက်တာ စတာတွေကြောင့် စရိတ်စကတွေ တိုးလာတာတွေဟာလည်း ဆန်ဈေးတက်လာရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်က တဆ၊ တဆခွဲလောက် တက်သွားတာ။ အရင်တုန်းက ရန်ကုန်နဲ့ မန္တလေး ဆန်တအိတ်က ၈၀၀ နဲ့ ၁,၀၀၀ လောက်ပဲ ရှိတာ။ အခုတော့ ဆန်တအိတ်ကို ၂,၅၀၀၊ ၃,၀၀၀ လောက် တောင်းတယ်။ အဲဒါ အကြောင်းရင်းတခုပါတယ်။ နောက်တခုက ဆန်ချောလေးတွေကလည်း Export ပို့ခွင့်ရထားတာ နည်းနည်း နည်းနည်း ရတာပဲ ရှိတယ်။ နောက် ဆန်အချော ဝယ်လှောင်တဲ့ သူတွေကလည်း နည်းနည်းရှိနိုင်တယ်၊ ဒီကြားထဲမှာ။ တခြားဟာတွေက သိပ်မကိုက်တော့ ပြန်ပြီး လှောင်ကြတာ။ အဲဒါလေးတွေ စုံသွားတော့ ဈေးနည်းနည်း တက်သွားတာပေါ့။”

တနင်္လာနေ့မှာတုန်းက မြန်မာနိုင်ငံ အသင်းဝင်အဖြစ် ပါဝင်တဲ့ အာဆီယံအသင်းနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်းမှာတော့ ကုန်ဈေးနှုန်းတွေ ကြီးထွားလာနေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းမှုအဖြစ် အရန်ဆန်စပါး သိုလှောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပတဲ့ ၂ ရက်ကြာ အစည်းအဝေးပွဲအတွင်း ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ဆန်တန်ချိန် ၇၈၇,၀၀၀ လောက် စုဆောင်းသွားဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အာဆီယံနိုင်ငံတွေက ဆန်တန်ချိန် ၈၇,၀၀၀၊ တရုတ်နိုင်ငံက ၃၀၀,၀၀၀၊ ဂျပန်နိုင်ငံက ၂၅၀,၀၀၀ နဲ့ တောင်ကိုရီးယား နိုင်ငံကတော့ ၁၅၀,၀၀၀ အသီးသီး ထည့်ဝင်ကြမှာ ဖြစ်တယ်လို့လည်း အာဆီယံ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG