ထိုင်ဝမ်ကျွန်းရဲ့ လက်ရှိ F-16 ဂျက်တိုက်လေယာဉ်တွေကို အဆင့်မြှင့်ဖို့ဆိုတဲ့ အစီအစဉ်ကို အမေရိကန်က ဆက်လုပ်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက သတိပေးလိုက်ပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သူတို့ကို ပြောပြခဲ့တယ်လို့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက သတင်းဌာနတွေကို ပြောတာပါ။ ပိုပြီး အဆင့်မြင့်တဲ့ စွမ်းရည်တွေနဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် F-16 ဂျက်တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ထိုင်ဝမ်က ကမ်းလှမ်းထားသလောက်တော့ အခုအစီအစဉ်က မပြည့်မီပါဘူး။
ဒေါ်လာ သန်းပေါင်း ၄,၂၀၀ ထိ လျှော့ချထားတဲ့ သဘောတူညီချက်အတိုင်း ဆက်လုပ်မယ် ဆိုရင်တောင်မှ တရုတ်တို့ဘက်က ပြင်းထန်တဲ့ တုံ့ပြန်မှု ဖြစ်လာစေပြီး တရုတ်နဲ့ ထိုင်ဝမ်၊ အမေရိကန်တို့အကြား ဆက်ဆံရေးတွေကို ထိခိုက်စေမယ်လို့ တရုတ်အစိုးရအာဘော် တရုတ်နေ့စဉ် သတင်းစာမှာ တနင်္လာနေ့က ရေးထားပါတယ်။
ဒီကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ငွေစုစာချုပ်တွေ ၀ယ်ယူတာကို တရုတ်တို့အနေနဲ့ လျှော့ချသင့်တယ်ဆိုပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ အင်တာနက် စာမျက်နှာ caixun.com မှာ ရေးထားတာကို တရုတ်နေ့စဉ်သတင်းက ကိုးကားထားပါတယ်။
တရုတ်တို့ဘက်က ကန့်ကွက်လာနိုင်တယ် ဆိုတာကို တရုတ်ထုတ် Global Times သတင်းစာကလည်း ခန့်မှန်း ရေးသားထားပေမဲ့ တရုတ်တို့ အနေနဲ့ တုံ့ပြန်လုပ်ဆောင်ဖို့ ထိရောက်တဲ့နည်းလမ်း မရှိဘူးလို့ ပြောပါတယ်။