စနေနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်မှာ FA Cup ဗိုလ်လုပွဲကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်း တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မကြာခင်ကမှပြီးသွားတဲ့ ပရီးမီးယားလိဂ်ရာသီမှာ ၈၁ မှတ်နဲ့ အဆင့် ၂ ရပြီး ပြီးခဲ့တဲ့နှစ်က ဖလားရတဲ့ ချယ်လ်ဆီးအသင်းကတော့ အမှတ် ၇၀ နဲ့ အဆင့် ၅ နေရာပဲရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးပြိုင်ပွဲရာသီမှာ ဖလားတလုံးမှ မရသေးတဲ့ ဒီနှစ်သင်းစလုံးအတွက် အခုပွဲဟာ တခုတည်းသော ချန်ပီယံဖလားကို အနိုင်ရဖို့ ကြိုးစားရမယ့် နောက် ဆုံးအခွင့်အလန်းပဲဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြတွေဖြစ်တဲ့ မော်ရင်ဟိုနဲ့ ကွန်တီတို့အတွက်လည်း အတော်လေး ဖိအားများတဲ့ပွဲလို့ ဆိုရမှာပါ။ အထူးသဖြင့်က တော့ အသင်းမှာဆက်ရှိနေရေး မရေမရာဖြစ်နေတဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီအတွက် ပိုပြီး ဖိအားများမယ့်ပွဲဖြစ်ပါတယ်။ သောကြာနေ့ကလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်း ပွဲအတွင်းမှာတော့ ကွန်တီက ဒီပွဲဟာ သူ့အတွက် ဒီနှစ်ဘောလုံးရာသီ နောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့ သတင်းသမားတွေကို နောက်ပြောင် ပြောဆိုသွားပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုကလည်း အရင်က ဘယ်လိုရလဒ်တွေ ထွက်ခဲ့တယ်ဆိုတာကနေ အခုကန်ရမယ့်ပွဲကို ဆုံးဖြတ်ချက် မပေးနိုင်တဲ့သဘော ပြောသွားပါတယ်။
ပရီးမီးယားလိဂ်မှာ သူတို့နှစ်သင်း တွေ့ကြတုန်းကတော့ အိမ်ကွင်းတွေမှာ တလှည့်စီ အသီးသီး အနိုင်ရထားကြပါတယ်။ FA Cup ဗိုလ်လုပွဲကိုတော့ ကြားကွင်းဖြစ်တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပိုင် ဝင်မ်ဘလေကွင်းမှာ ကန်ကြရမှာဖြစ်ပါတယ်။