သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုရှယ်မီဒီယာ အကောင့်တချို့ အပိတ်ခံရမှုအပေါ် မြန်မာအစိုးရ Facebook ကို မေးခွန်းထုတ်


ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်နေတဲ့ မြန်မာစစ်ရေးလေ့ကျင့်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာစဉ်- ဖေဖေါ်ဝါရီလ ၃၊ ၂၀၁၈ ခုနှစ်(REUTERS/Lynn Bo Bo/Pool/File Photo)
ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်နေတဲ့ မြန်မာစစ်ရေးလေ့ကျင့်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာစဉ်- ဖေဖေါ်ဝါရီလ ၃၊ ၂၀၁၈ ခုနှစ်(REUTERS/Lynn Bo Bo/Pool/File Photo)

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကျူးလွန်သူတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဖက် အရာရှိတွေဖြစ်တယ်ဆိုတာ ကုလသမဂ္ဂဘက်က အထောက်အထားတွေ့ရှိခဲ့တဲ့အတွက် သူတို့ရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်တာဖြစ်တယ်လို့ Facebook တာဝန်ရှိသူတွေက တနင်္လာနေ့က ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ Facebook ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနေပြီး ဒီလုပ်ရပ်ကြောင့် စစ်တပ်နဲ့ မြန်မာအစိုးရကြား အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်မှာကို စိုးရိမ်မိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဆိုပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီးအကြောင်းစုံကို တင်ပြမှာပါ။

တနင်္လာနေ့က မြန်မာနိုင်ငံ စစ်ဖက်ဆိုင်ရာ Facebook အကောင့်တွေ အပိတ်မခံရခင် နာရီပိုင်း အလို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှု အဆင့်ထိရောက်နေတယ်ဆိုတာ သူတို့မှာ သက်သေအထောက်အထားတွေ ရှိနေကြောင်း ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ မြဝတီ စတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်တဲ့ Facebook အကောင့်တွေကို တနင်္လာနေ့ က ပိတ်ပစ်လိုက်တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ Facebook ပြောခွင့်ရအမျိုးသမီး Clare Wareing က သတင်းမီဒီယာတွေကို အီးမေးလ်ကနေ တုန့်ပြန်ဖြေဆိုရာမှာလည်း ကုလသမဂ္ဂဘက်က တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေကြောင့် ဖြစ်တယ်ဆိုတာ ရေးသားခဲ့ပါတယ်။

အမုန်းစကားတွေ ပြန့်ပွားအောင် Facebook လို ဆိုရှယ်မီဒီယာတွေကို ဝါဒဖြန့်ဝေတဲ့နေရာ အဖြစ် အသုံးပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့မှာ ပါဝင်သူတဦးဖြစ်တဲ့ ကုလ စုံစမ်းရေးမှုး Radhika Coomaraswarmy က အခုလိုပြောပါတယ်။

"ကျမတို့တွေ့ရှိခဲ့တာကတော့ အမုန်းစကားတွေ ပြန့်ပွားဖို့အတွက် ဆိုရှယ်မီဒီယာဟာ မူဝါဒဖြန့်ဝေတဲ့ နေရာ ဖြစ်လာခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ Facebook တာဝန်ရှိသူတွေကိုယ်တိုင်ရော၊ လူတိုင်းကပါ အံအားသင့်ခဲ့ကြပါတယ်။"

အခုလို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကနေ မြန်မာစစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စုံစမ်းတွေ့ရှိမှုမှာ Facebook ကို ဝါဒဖြန့်ချိဖို့နဲ့ သူတို့ရဲ့ စစ်ဆင်ရေးအောင်မြင်ဖို့ အချိန်ယူ တည်ဆောက် အသုံးချခဲ့တာကို အထင်အရှားတွေ့ရှိခဲ့တာကြောင့် အခု Facebook ကနေ အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

" Genocide ဆိုတာ စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတခုတည်းမကပါဘူး။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ရပ်တွေလည်းပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံက မဟုတ်ဘူး၊ သူတို့ဟာ အကြမ်းဖက်သမားတွေ စတဲ့ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့် ပြောဆိုမှုတွေလည်း ပါပါတယ်။ ဒီလိုပြောဆိုမှုဟာ အမုန်းစကား ပွားများမှု အကြောင်းအရာထဲမှာ အကြုံးဝင်နေပါတယ်။ အမုန်းစကားဆိုတဲ့နေရာမှာ တဦးနဲ့တဦး အမုန်းပွားတာ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြောဆိုတာ သက်သက်မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေအပေါ် အများပြည်သူ မုန်းတီး၊ အမျက်ဒေါသထွက် လာဖို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အချိန်ယူ တည်ဆောက်ခဲ့သလို သူတို့ရဲ့ စစ်ဆင်ရေးကို ပြည်သူတွေ ထောက်ခံလာအောင်ဖြစ်ပါတယ်။ ဒီအတွက် Facebook ကို ဝါဒဖြန့်ချိတဲ့ နေရာတခုအဖြစ် အသုံးချခဲ့တာပါ။"

အခုလို Facebook က အရေးယူဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးက မနေ့က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"ကျနော်တို့က ဒီနေ့ တနေကုန်စီးပွားရေးအစည်းအဝေးမှာ ရောက်နေတယ်။ မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာလည်း အကုန်လုံးက down သွားပြီ။ down သွားတော့ နံပတ်၁ UN fact finding mission ရဲ့ report ကို launch လုပ်တယ် ၁ နာရီလောက်မှာလုပ်တယ်။ မရှေးမနှောင်းမှာပဲ Facebook ကနေပြီးတော့ အကောင့်တွေကို shutdown လုပ်လိုက်တယ်ပေါ့နော်။ လုပ်တဲ့အပေါ်မှာ သူတို့ Statement လည်းထုတ်ထားတယ်။ Community Standard နဲ့မညီလို့ဆိုတဲ့ reason ကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ တပ်ဘက်ကလည်း အဲဒီ Facebook နဲ့ အဓိက ကိုင်တွယ်နေတဲ့ အရာရှိကြီးတွေရှိတယ် သူတို့ ကျနော်တို့ကိုဆက်သွယ်ပါတယ်။ နောက်ဒုဗိုလ်ချုပ် အဆင့်ရှိတဲ့သူတွေ ကျနော်တို့ကို ဆက်သွယ်တယ်။ ဆက်သွယ်ပြီးတော့ ဘယ်လိုဖြစ်တာလဲ အဲဒါတွေမေးတယ်ပေါ့နော်။ မေးတဲ့အခါမှာ ကျနေ်ာတို့လည်း Facebook ကို ဖုန်းဆက်ပြီးတော့ မေးထားတယ် ဒါဘယ်လိုကြောင့်ဖြစ်ရတာလဲဆိုတာ Community Standard အပေါ်မှာလည်း ပြောစရာတွေ ဝေဖန်စရာတွေရှိနေတယ်ဆိုတာတွေကို ကျနော်တို့ပြောတယ်။"

ဒါအပြင် Facebook ရဲ့ လုပ်ရပ်ကြောင့် မြန်မာ အစိုးရနဲ့ စစ်တပ်ကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှာ အထင်အမြင်လွဲ ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း ဦးဇော်ဌေးကပြောပါတယ်။

"လက်ရှိအစိုးရသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တနည်းတဖုံအားဖြင့် ထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာကိုလည်း ကျနော်တို့ စိုးရိမ်တယ်။ ရှိလာမယ့်အလားအလာတွေလည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် SMMT (Social Medai monitoring team) အပေါ်မှာ အထင်လွဲမှုတွေဖြစ်လာနိုင်တယ်။ ပြောချင်တာကတော့ ရှင်းရှင်းလေး နံပတ်၁ Senior General Min Aung Hlaing ပေါ့နော်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် page အပါအဝင် ဖြုတ်ချခံရတာနဲ့ ပတ်သက်လို့ Facebook က ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်ပါတယ်။ နံပတ်၂ အချက်ကတော့ ဒီအပေါ်မှာ အစိုးရ input တစုံတရာမပါပါဘူး။ နံပတ်၃ အချက်ကတော့ အစိုးရက ဖွဲ့စည်းထားတဲ့ SMMTလည်းမပါဘူးပေါ့နော် ဒါကိုတော့ ကျနော်တို့ အတိအလင်းပြောချင်တယ်။"

Facebook က တနင်္လာနေ့က ထုတ်ပြန်တဲ့ သတင်းကြေညာချက်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအဝင် စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားရဲ့ အကောင့် အပြင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ရဲ့ အကောင့်တွေကိုလည်း ပိတ်ပစ်လိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါအပြင် အမုန်းစကားတွေ ဖြန့်ဝေမှုကို တားဆီးတဲ့ အရေးယူဆောင်ရွက်မှု အနေနဲ့ မြန်မာ Facebook အကောင့် ၁၈ ခု၊ Follow ပြုလုပ်ထားတဲ့ လူအရေအတွက် ၁၂ သန်းလောက်ရှိတဲ့ Facebook Page ၅၂ ခု၊ Instagram အကောင့် တခု ကိုလည်း ပိတ်လိုက်ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG