သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ Facebook အသုံးပြုမှု ထိရောက်စွာစောင့်ကြည့်နိုင်ဖို့ Zuckerberg အရေးယူဆောင်ရွက်


Facebook သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အကာအကွယ်ပေးဖို့ တာဝန်ပျက်ကွက်မှုနဲ့ပတ်သက်ပြီး Facebookကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerbergက အမေရိကန်လွှတ်တော်မှာ တောင်းပန်လိုက်ပါတယ်။ မြန်မာနိုင် ငံက ရိုဟင်ဂျာမူဆလင်ပဋိပက္ခအတွင်းမှာ Facebookကိုအသုံးပြုပြီး အမုန်းပွါးစေတဲ့ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်လို့ အချိန်မှီကာကွယ်တားဆီးမှုတွေ ဘာကြောင့်မလုပ်ခဲ့သလဲဆိုတာကိုလည်း လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က ဆက်ပြီးရှင်းပြပါလိမ့်မယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်ကြားနာစစ်ဆေးမှုကတော့ ပြီးခဲ့တဲ့၂၀၁၆ခုနှစ်အမေရိကန်သမ္မတရွေး ကောက်ပွဲကာလအတွင်း အမေရိကန်ပြည်သူသန်းရှစ်ဆယ်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Facebook က တဆင့်ရယူပြီးတော့ လက်ရှိသမ္မတထရမ့်အနိုင်ရရေး လုပ်ဆောင်ခဲ့တယ်၊ ဒီကိစ္စမှာရုရှားနိုင်ငံက ပါဝင်ပတ်သက်မှုရှိတယ် ဆိုတဲ့စွပ်စွဲချက်တွေအပေါ်မှာအဓိကထားပြီး အထက်လွှတ်တော်အမတ်တွေက Facebook ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg ကို မေးမြန်းစစ်ဆေးခဲ့တာပါပဲ။ ကြားနာစစ်ဆေးပွဲရဲ့အစမှာပဲ Mark Zuckerbergက သူ့ကုမ္ပဏီရဲ့အားနည်း ချက်တွေကြောင့် ထိခိုက်နစ်နာမှုတွေရှိခဲ့ရတာနဲ့ပတ်သက်ပြီး တောင်းပန်စကားပြောပါတယ်။

"ကျနော်တို့တာဝန်ယူရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က လုံလောက်တဲ့ရှုမြင်သုံးသတ်မှုတွေမလုပ်နိုင်ခဲ့ ပါဘူး။ အဲဒါက ကြီးမားတဲ့ မှားယွင်းမှုပါ။ ဒါဟာ ကျနော့်ရဲ့ အမှားပါပဲ။ ကျနော်တောင်းပန်ပါတယ်။ Facebook ကို ကျနော် စခဲ့ပြီး ဒီလုပ်ငန်းကို လုပ်ခဲ့တယ်၊ အခု Facebookနဲ့ပတ်သက်ပြီးဖြစ်ခဲ့တာတွေဟာ ကျနော့်မှာ တာဝန်ရှိပါတယ်"

Vermont ပြည်နယ်ရဲ့ဒီမိုကရက်ပါတီအထက်လွှတ်တော်အမတ် Patrick Leahyက ရိုဟင်ဂျာပဋိပက္ခမှာ Facebook ကုမ္ပဏီဘက်က အားနည်းချက်တွေရှိခဲ့တာနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ပါတယ်။

" ရိုဟင်ဂျာအရေးမှာ အမုန်းပွါးစေမယ့် ပြောဆိုရေးသားမှုတွေကို Facebook ဘက်က အကာအကွယ်မပေးနိုင်တာနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ဥပဒေအကြံပေး အဖွဲ့ကို ပြီးခဲ့တဲ့၆လက ကျနော်မေးခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Facebookကို ကုလသမဂ္ဂကစုံစမ်းစစ်ဆေးသူ တွေကလည်း မကြာခင်က အပြစ်တင်ထားပါတယ်။ လူမျိုးတုံးသတ်ဖြတ် မှုတွေဖြစ်ပေါ် စေအောင်လှုံ့ဆော်တဲ့ ရေးသား ပြောဆိုမှုတွေကို Facebookထဲမှာ အကြိမ်ကြိမ်လုပ်လာနေတာကို ဖယ်ရှားပေးဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက အသိပေးမှပဲ Facebookဘက်ကလုပ်ခဲ့တယ်။ ဒီကိစ္စမှာ ဘာကြောင့် ၂၄နာရီအတွင်း ဖယ်ရှားမှုတွေကို မလုပ်ခဲ့တာလဲ" လို့ လွှတ်တော်အမတ် Leahyကမေးခဲ့တာပါ

Mark Zuckerbergကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့လောလောဆယ်ဘာတွေလုပ်နေသလဲဆိုတာကို ရှင်းပြပါတယ်။

"ဟုတ်ကဲ့ ဒီကိစ္စတွေကို ကျနော်တို့ဆောင်ရွက်နေပါတယ်။ အဓိကလုပ်နေတဲ့အချက်သုံးခုကတော့ မြန်မာစကားတတ်တဲ့ လူတွေကို ဒါဇင်နဲ့ချီပြီးအလုပ်ပိုခန့်ထားပါတယ်။ သူတို့က Facebookမှာရေးသားပြောဆိုနေတာတွေကို စောင့်ကြည့်လေ့ လာသုံးသတ်နေဖို့ပါ။ အမုန်းပွါးစေတဲ့ပြောဆိုရေးသားချက်တွေက သက်ဆိုင်ရာနိုင်ငံက ဘာသာစကားကျွမ်းကျင်သူတွေ ရဲ့အကူအညီမပါရင် လုပ်ကိုင်ရတာ အင်မတန်ခက်ခဲပါတယ်။"

" နောက်တချက်က မြန်မာနိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ကျနော်တို့အတူပူးပေါင်းလုပ်ဆောင်နေကြတဲ့ ကိစ္စပါ။ ဘယ်ဟာတွေက အမုန်းပွါးစေတဲ့ရေးသားချက်တွေလဲဆိုတာကို ရှာဖွေဖေါ်ထုတ်ပြီး ရေးသားပြောဆိုသူတွေရဲ့ Facebook Account တွေကို ကျနော်တို့ပိတ်ဆို့နိုင်ဖို့ပါ။နောက်တချက်ကတော့ မြန်မာနိုင်ငံနဲ့အပ်စပ်တဲ့ Facebook ပုံစံကို ကျနော်တို့တည်ဆောက်နေတဲ့အချက်ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အမုန်းပွါးစေတဲ့လုပ်ရပ်တွေကို အနာဂတ်မှာကြိုတင် ကာကွယ်နိုင်ပါလိမ့်မယ်။"

ရိုဟင်ဂျာပဋိပက္ခအတွင်း အမုန်းပွါးစေတဲ့ပြောဆိုရေးသားချက်တွေကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက စတင် သတိ ထားမိခဲ့ကြပြီး ဒီလုပ်ရပ်တွေကို ကာကွယ်တာဆီးဖို့ Facebook ကုမ္ပဏီကိုအကြောင်းကြားခဲ့ပြီးတော့မှပဲ Facebookဘက် ကအရေးယူဆောင်ရွက်မှုတွေလုပ်လာခဲ့တာပါ။ ဒီကနေ့ကျင်းပတဲ့လွှတ်တော်ကြားနာပွဲမှာ မြန်မာပြည်ဆိုင်ရာ Facebook ကိစ္စတွေကိုသိနိုင်အောင် မြန်မာအရပ်ဖက်အဖွဲ့ အစည်းတွေက အမေရိကန်လွှတ်တော်အမတ်တွေဆီကို သိသင့်သိထိုက် တဲ့အချက်အလက်တွေ ကြိုတင်ပေးပို့ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာဖေါ်ပြထားပါတယ်။ သူတို့ရဲ့ပေးပို့ချက်တွေထဲမှာ Mark Zuckerbergကိုမေးစေလိုတဲ့အချက်တွေလည်းဖေါ်ပြထားပါတယ်။ အဲဒီအထဲမှာ လူ့ အဖွဲ့အစည်းစံထားချက်တွေကို အထင်အရှားချိုးဖေါက်ရာရောက်တဲ့ ဖေါ်ပြချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ဖို့ Facebook အနေနဲ့ ဘယ်လိုထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ်မလဲ၊ ဖယ်ရှားမှုတွေကို၂၄နာရီအတွင်းလုပ် နိုင် အောင် Facebookက ဘယ်လိုအာမခံချက်ပေးနိုင်မလဲဆိုတာနဲ့ Facebookကို အလွဲသုံးစားလုပ်သူတွေရဲ့ Account တွေ ကို ဘယ်လိုပိတ်ဆို့မလဲဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

VOA မြန်မာပိုင်းကို Email ကနေတဆင့်ပေးပို့တဲ့ Facebook ပြောရေးဆိုခွင့်ရှိသူရဲ့စာ ထဲ မှာလည်း မြန်မာပြည်နဲ့ပတ် သက်ပြီး Facebook ကုမ္ပဏီက ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို ဖေါ်ပြထားပါတယ်။ Facebook အနေနဲ့ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ပြီး လုပ်ဆောင်မှုတွေရှိနေဖို့ပိုလိုအပ်တဲ့အကြောင်း၊ မြန်မာပြည်က Facebook သုံး စွဲသူတွေအကြား အမုန်းပွါးစေတဲ့ ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဆက်ပြီးစုံးစမ်း ဖေါ်ထုတ်သွားမယ်၊ အချိန်တွေပို သုံးပြီးလည်း လုပ်ဆောင်နေကြတဲ့ အကြောင်း၊ ရိုင်းစိုင်းတဲ့ပြောဆိုချက်တွေ၊ အမုန်းပွါးစေမယ့်ကိစ္စတွေ၊ မမှန်ကန်တဲ့ အကြောင်းအရာတွေ ကိုရှာဖွေဖေါ် ထုတ်နိုင်မယ့် နည်းပညာတွေကိုလည်း တိုးမြင့်ပြီးလုပ်ဆောင်နေတဲ့အကြောင်းနဲ့ မြန်မာ နိုင်ငံမှာအသုံးပြုတဲ့ Facebook ကို ပိုပြီးလုံခြုံစိတ်ချရအောင် ကျွမ်းကျင်သူတွေနဲ့လုပ်ဆောင်နေတဲ့ အကြောင်း ဗွီအိုအေကို အသိပေးလာပါတယ်။

Facebookကို အသုံးပြုကြတဲ့လူတွေက ကမ္ဘာမှာ လစဉ် တစ်ဘီလျှံကျော်ကျော်ရှိနေပါတယ်။ နေ့စဉ်သုံးနေကြတဲ့သူတွေ ကလည်း ၁.၄ ဘီလျှံရှိပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံမပါပါဘူး။ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေရဲ့ ၃၈ ရာခိုင် နှုန်းဟာ သတင်းတွေကို Facebook ကနေတဆင့်ရယူနေပါတယ်။

CBS သတင်းဌာနရဲ့ဖေါ်ပြချက်အရ ၂၀၁၄ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ၂သန်းရှိခဲ့ရာက အခုလောလောဆယ်မှာတော့ သန်းပေါင်း၃၀ ကျော်သုံးစွဲနေကြ တယ်လို့ဆိုပါတယ်။ Facebookရဲ့အကြီးအကဲ Mark Zuckerbergကို အမေရိကန်အောက်လွှတ်တော်မှာ ကြားနာစစ် ဆေးမှုတွေ ဒီကနေ့ထပ်ပြီးလုပ်ဖို့ရှိနေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG