သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook တည်ထောင်သူ လက်ထပ်

Facebook အင်တာနက်စာမျက်နှာကို တည်ထောင်သူ မာခ့် ဇက်ကာဘတ် (Mark Zuckerberg) ဟာ သူနဲ့ အချိန်အတော်ကြာ ချစ်ကျွမ်းဝင်ခဲ့တဲ့ သူ့ချစ်သူ ပရစ်စဲလ်လာ ချမ်း (Priscilla Chan) နဲ့ လက်ထပ်ခဲ့ပြီးတော့ သူတီထွင်ခဲ့တဲ့ သူ့ရဲ့ Facebook စာမျက်နှာမှာ သူတို့ရဲ့ မင်္ဂလာပွဲအကြောင်းကို လူအများသိရှိနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ဘဏ္ဍာရေး လုပ်ငန်းတွေ အချက်အချာကျရာ Wall Street မှာ ရာဇဝင်တွင်လောက်တဲ့ အစီအစဉ်တခုအဖြစ် သူ့ကုမ္ပဏီလုပ်ငန်းရဲ့ အစုရှယ်ယာတွေကို ထုတ်ရောင်းခဲ့ပြီး နောက်တနေ့မှာပဲ အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ ဘီလီယံနာသူဌေး မာခ့် ဇက်ကာဘတ် ကနေ ကယ်လီဖိုးနီးယားပြည်နယ် ပါလို အယ်လ်တို Palo Alto မြို့လေးမှာ စနေနေ့က သူ့ချစ်သူ ချမ်း နဲ့ မင်္ဂလာအခမ်းအနားငယ်လေး ကျင်းပပြီး လက်ထပ်ခဲ့တာပါ။

ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဆေးကျောင်းကနေ ချမ်း ဘွဲ့ရတဲ့ အခမ်းအနားကို သွားတက်ဖို့လို့ ထင်ထားကြပေမဲ့ အဲ့ဒီကို ရောက်တော့မှ တကယ်တမ်း ဇာကာဘတ် နဲ့ ချမ်းတို့ရဲ့ မင်္ဂလာအခမ်းအနား ဖြစ်ကြောင်းကို သိရှိခဲ့ရတာ ဖြစ်တယ်လို့ သတင်းမီဒီယာကို ပြောခွင့်ရှိတဲ့ သူတို့ ၂ ဦးရဲ့ မိတ်ဆွေတွေက သတင်းထောက်တွေကို ပြောပြကြပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာကတော့ အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ဟားဗတ်တက္ကသိုလ်ကြီးမှာ ပညာသင်ကြားရင်းနဲ့ပါ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပဲ ဇက်ကာဘတ် ကနေ ဟားဗတ်ကျောင်းမှာပဲ ဒီ Facebook အင်တာနက်စာမျက်နှာကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇက်ကာဘတ် က သူ့ရဲ့ Facebook အကောင့်ထဲက အိမ်ထောင်ရှိ - မရှိ ဖြည့်ရတဲ့ ကိုယ်ရေးအချက်အလက်မှာ - သူ ပြီးခဲ့တဲ့ စနေနေ့က ပရစ်စဲလ်လာ ချမ်းနဲ့ လက်ထပ်ခဲ့တဲ့အကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။ တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာပဲ လူပေါင်း ၃ သိန်းခွဲလောက်ကနေ Facebook မှာ ဇက်ကာဘတ်တင်ခဲ့တဲ့ မင်္ဂလာဓာတ်ပုံတွေကို ကြိုက်နှစ်သက်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒီမင်္ဂလာပွဲမှာ သတို့သားဖြစ်တဲ့ ဇာကာဘတ် က အပြာရောင် သတို့သားဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သမီး ချမ်းကတော့ အဖြူရောင် လက်ပြတ် သတို့သမီးဝတ်စုံလေးကို ဆင်မြန်းထားတာလည်း ဖြစ်ပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG