Facebook ရဲ့ အမှုဆောင်အရာရှိ Mark Zuckerberg နဲ့ ဇနီးသည် Priscilla Chan တို့က မွေးကင်းစ သမီးငယ်ကိုမနေ့ကဘဲ ကမ္ဘာကြီးကို ပြသ မိတ်ဆက်လိုက်ပြီး တချိန်တည်းမှာဘဲ မွေးကင်းစ သမီးငယ်ရဲ့ မျိုးဆက်နဲ့ နောက်ထပ် မျိုးဆက် ကလေးငယ်တွေရဲ့ ဘ၀တွေ ဖွံဖြိုးတိုးတက်စေရေး အတွက်လည်း ဒေါ်လာ ၄၅ ဘီလီယံ မတည်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မွေးဖွားလာတဲ့ သမီးငယ် Max အတွက် ရေးသားထားတဲ့ စာထဲမှာလည်း မစ္စတာ Zuckerberg နဲ့ မစ္စ Chan တို့က သူတိုရဲ့ သက်တမ်း တလျှောက်လုံး သူတို့ရဲ့ Facebook ရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ပေးလှူသွားမယ်လို့ ပြောဆိုထားပါတယ်။
ကိုယ်ပိုင်သင်ယူခြင်း၊ ကူးစက်ရောဂါ ကုသရေးနဲ့၊ လူထုကြား ချိတ်ဆက်မှုနဲ့ ခိုင်မာတဲ့ လူ့အသိုင်းအ၀ိုင်း တည်ဆောက်ရေးတို့ကို ပထမဆုံး အလေးထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လူသားတိုင်းက တန်ဖိုးရှိကြတယ်လို့ ကျနော်တို့ ယုံကြည်ပြီး လူသားတိုင်းလို့ ဆိုတဲ့ အထဲမှာ အခုလက်ရှိ လူသားတွေထက် နောက်ထပ် မွေးဖွားလာမယ့် အနာဂတ် မျိုးဆက်သစ်တွေလည်း ပါဝင်ပါတယ်။
လက်ရှိလူသားတွေ အတွက်တင် မကဘဲ အနာဂတ်မှာ မွေးဖွားလာမယ့် လူသားတွေရဲ့ ဘ၀ သာယာဖြောင့်ဖြူးဖို့ တိုးတက်မှုရှိဖို့ အခုအချိန်မှာ ကျနော်တို့ ရင်းနှီးမြှုပ်နှံလုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်လို့လည်း ပြောဆိုထားပါတယ်။ အလှုငွေတွေကို ခွဲဝေပေးဖို့ကိုတော့ Mark Zuckerberg တို့ ဇနီးမောင်နှံတို့ အချိန်ယူ လုပ်ဆောင်မှာပါ။ ဇူကာဘတ်က တနှစ်ကို ဒေါ်လာ သန်းတထောင်လောက် တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို လှုဒါန်းတာ၊ ရောင်းချတာတွေကို နောက်သုံးနှစ်မှာ လုပ်သွားဖို့ အစီအစဉ် ရှိတယ် လို့လည်း Facebook က ပြောဆိုထားပါတယ်။
မွေးကင်းစ သမီးငယ်ကို ရည်ရွယ် ရေးသားတဲ့ စာထဲမှာဆိုရင်လည်း သမီးတို့ရဲ့ မျိုးဆက်တွေ အတွက် မျှော်လင့်ပြီးလူသားတွေရဲ့ စွမ်းရည်တိုးတက်လာစေရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ အကြောင်းအရာ နှစ်ခုအပေါ်မှာ အဓိကထားမယ်လို့ ဇူကာဘတ်နဲ့ ချန် တို့က ရေးသားထားပါတယ်။
၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ ကုမ္ပဏီ တခု အဖြစ် ကြီးထွားလာခဲ့ပြီးပြီးခဲ့တဲ့ လေးလပတ် အထိ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၄ ဒသမ ၅ ဘီလီလံ ထိ ရှိလာခဲ့ပါတယ်။