သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ဝါဒဖြန့်အကောင့်တွေ Facebook ထပ်ပိတ်


Facebook CEO Mark Zuckerberg
Facebook CEO Mark Zuckerberg

မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေအတွက် ဆက်လက် အသုံးပြုနေတဲ့ Facebookစာမျက်နှာ တွေနဲ့ အကောင့်တွေကို ထပ်မံ စုံစမ်းတွေ့ရှိခဲ့ပြီးနောက် အဲဒီ စာမျက်နှာတွေနဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း Facebook ကုမ္ပဏီတာဝန်ရှိသူတွေက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ်အရာရှိပေါင်း ၇၀၀ ထက်မနည်းFacebook အကောင့် နာမည်ပေါင်းများစွာ အသုံးပြုပြီး သတင်းအမှားတွေ၊ အမုန်းစကား ဝါဒဖြန့်ချိမှုတွေကို နှစ်ပေါင်းအတန်ကြာကတည်းက နည်းဗျူဟာကျကျ ဆောင်ရွက်ခဲ့ကြောင်းလည်း the New York Times သတင်းစာကြီးက စုံစမ်းတွေ့ရှိခဲ့ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

Facebook ရဲ့ နောက်ထပ်အရေးယူမှုအဖြစ် ပိတ်ခံလိုက်ရတဲ့ စာမျက်နှာပေါင်း ၁၃ ခုနဲ့ အကောင့် ၁၀ ခုမှာ follower လုပ်ပြီး ကြည့်နေသူပေါင်း ခန့်မှန်းချေ တစ်သန်းကျော် ထိရှိတယ်လို့ Facebook ကုမ္ပဏီ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ အင်တာနက် လူမှုကွန်ယက်အသုံးချပြီး သတင်းအမှားနဲ့ အမုန်းစကား ဝါဒဖြန့်ချိမှုတွေကို ကြိုတင်တားဆီးနိုင်အောင် ကြိုးပမ်းနေပြီးဆက်လက်စုံစမ်းသွားမှာဖြစ်သလို၊ မမှန်ကန်တဲ့ အပြုအမူကြောင့် အရေးယူဆောင်ရွက်သွား မှာဖြစ်ကြောင်း Facebook ရဲ့ blog post မှာ ဖေါ်ပြထားပါတယ်။

Facebook ကနေ ဖယ်ရှားခံရတဲ့ မြန်မာ စာမျက်နှာ ၁၃ ခုနဲ့ အကောင့် ၁၀ ခု အပါအဝင် အစစ်အမှန်မဟုတ်ပဲ စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေအတွက် အသုံးပြုဖို့ အခြားနာမည်တွေနဲ့ ဖွင့်ထားတဲ့ Facebook အကောင့်နဲ့ စာမျက်နှာတွေ မြန်မာနိုင်ငံမှာ အများအပြားရှိနေကြောင်း Facebook ကုမ္ပဏီရဲ့ ဆိုက်ဘာလုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲNathaniel Gleicher က အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီစာမျက်နှာနဲ့ အကောင့်တွေဟာ အနုပညာရှင်တွေကြောင်း၊ ဖျော်ဖြေမှုအစီအစဉ်တွေ၊ အလှအပနဲ့ ဗဟုသုတ ရစရာသတင်းအချက်အလက် စတာတွေကိုပဲ ဖေါ်ပြနေတဲ့ ပုံစံမျိုး ဖုံးကွယ်ထားပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာတွေကို တွေ့ရှိခဲ့ကြောင်း Facebook ရဲ့ blog post မှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ချိပ်ဆက်မှုတွေရှိနေတဲ့ ဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ နာမည်ကျော်အနုပညာရှင်တွေ၊ မော်ဒယ်လ်တွေ ရဲ့ Facebook အကောင့်တွေမှာ လူအများကြည့်ချိန်နဲ့ တိုက်ပြီး သွေးဆူအောင် လှုံဆော်တဲ့ မှတ်ချက်ပေးရေးသာတာမျိုး၊ သတင်းအမှားတွေ ဖြန့်ချိတာမျိုး နည်းဗျူဟာကျကျ ဆောင်ရွက်ကြောင်း လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ လူ (၅)ဦးရဲ့ ပြောကြားချက်ကို the New York Times သတင်းစာက ဖေါ်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆန့်ကျင်မှုတွေ ဖန်တီးဖို့ စစ်တပ်ကနေ Facebook ကို လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြာကတည်းက အသုံးချခဲ့တာဖြစ်တယ်လု့လည်း the New York Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ Facebook ကိုဆယ်စုနှစ်ကြာ အသုံးပြုခဲ့ပြီး အမုန်းစကားဖြန့်ချိမှုတွေကို စောင့်ကြည့်နေသူ အမည်မဖေါ်လိုသူ တဦးက အခုလိုပြောပါတယ်။

"ဒီဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်တာတွေကလည်း facebook ကအဓိကအချက်လို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ facebook သူ့ ပေါ်လစီမှာက ဘာပြောထားသလဲဆိုတော့ Fake အကောင့်တွေကို facebook community standard အရ ဖယ်ရှားတယ်လို့ ပြောပေမယ်။ ကျနော်တို့ နိုင်ငံမှာက Fake အကောင့်တွေက သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိနေတာလေ။ အခုအချိန်အထိ facebook က မဖယ်ရှားဘူးဆိုတော့ ဒါက facebook အားနည်းချက်ပေါ့နော်။ စစ်တပ်ကို ထောက်ခံသူတွေကတော့ facebookအားနည်းချက်ကို အသုံးချပြီးတော့ သူတို့က အကောင်အထည်ဖော်သွားတာပေါ့။"

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိက ကျူးလွန်သူတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဖက် အရာရှိတွေဖြစ်တယ်ဆိုတာ ကုလသမဂ္ဂဘက်က အထောက်အထားတွေ့ရှိခဲ့တဲ့အတွက် သူတို့ရဲ့ Facebook အကောင့်တွေကို အပြီးတိုင်ပိတ်လိုက်ကြောင်း Facebook တာဝန်ရှိသူတွေက သြဂုတ်လ နောက်ဆုံးပတ်က ကြေညာခဲ့ပါတယ်။ အခုလို ထင်ရှားတဲ့ အရေးယူမှုမျိုးအပါအဝင် နောက်ထပ် Facebook မှာ အမုန်းစကား ဝါဒဖြန့်ချိမှုတွေမလုပ်နိုင်အောင် ကုမ္ပဏီအနေနဲ့ ကြိုးစားဆောင်ရွက်နေကြောင်း အကြီးအကဲတဦးဖြစ်တဲ့Nathaniel Gleicher ကပြောပါတယ်။ ဒါပေမယ့်လည်း Facebook ရဲ့ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေရှိနေသေးတယ်လို့ စောစောက အမည်မဖေါ်လိုသူကတော့ မြင်ပါတယ်။

"အခုအချိန်အထိလည်းရှိနေတာပဲ၊ အခြေအနေက ဘယ်လိုပြောမလဲဆိုတော့ သူတို့အတွက်ကတော့ မခက်ဘူးလေ။ ဒီအကောင့်တခု အပိတ်ခံလိုက်ရတယ်ဆိုရင် မခက်ပါဘူး။ နောက်ထပ် အကန့်တခုပြောင်းပြီးတော့ အကောင့်တခု ထပ်ဖွင့်လိုက်တာပဲလေ။ ဖွင့်လိုက်တော့ အကောင့်အတုတွေက Report ထုကြတယ် ။ နောက်ဆုံးတော့ သိန်းနဲ့ချီလူအများကြီး လုပ်နေတဲ့အခါကျတော့ ဒီ Report ထုတဲ့ လူတွေကလည်း ဘယ်လိုမှ မထုနိုင်တော့ဘူးလေ။ အဓိကတော့ facebook ကိုယ်တိုင်က အကောင့်အတုမှန်သမျှကို facebook ကိုယ်တိုင်က သန့်ရှင်းရေးလုပ်ပေးမှ ရမှာ။ ဒီဟာက အခုအချိန်အထိလည်း နောက်ဆုံးဥပမာပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲဖြစ်ဖြစ် ဘာသာခြားတွေပဲဖြစ်ဖြစ် တချိန်လုံး အခုအချိန်အထိလည်း နောက်ဆုံးဝင်ကြည့်တဲ့အခါမှာလည်း သူတို့ဆီမှာ ဒီ Group တွေက ပြောဆိုဆွေးနွေးနေတာပဲလေ။"

နေပြည်တော်မှာ မြန်မာစစ်တပ်ရဲ့ အင်တာနက်ဆိုက်ဘာနဲ့ ပတ်သက်တဲ့ စခန်းနေရာတခုရှိနေပြီး အဲဒီနေရာမှာ လုံခြုံရေးအရ တင်းတင်းကြပ်ကြပ်ရှိနေကြောင်း the New York Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အင်တာနက် လူမှုကွန်ယက်တွေမှာ ဝါဒဖြန့်ချိဖို့ ကုန်ကျစရိတ် အများအပြားသုံးစွဲခဲ့သလို၊ အဲဒီအတွက်လည်း လူပေါင်း ၇၀၀ ထက်မနည်း အသုံးပြုခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက the New York Times သတင်းစာကို ပြောပြခဲ့ပါတယ်။

အရင်က လူသိများတဲ့ Opposite Eyesဆိုတဲ့နာမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိမှုတွေ ရေးတဲ့ blog post ပိုင်ရှင် စစ် လက်ဖြောင့်ပစ်သမား Ohn Muang ဆိုသူရဲ့ အကောင်ကိုလည်း Facebook က ပိတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ဆိုးရွားပြင်းထန်လှတဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးကို အများပြည်သူ ထောက်ခံအောင် စစ်တပ်ကနေ Facebook အသုံးချပြီး ဝါဒဖြန့်ချိခဲ့သလို၊ ဘာသာခြားတွေအပေါ် အမုန်းစကားပြန့်ပွားအောင်လည်း မမှန်သတင်းတွေကို Facebook ကနေတဆင့် ဖြန့်ချိခဲ့ကြောင်း သြဂုတ်လ နှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အထောက်အထားတွေနဲ့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG