သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေဘေး FACEBOOK ကူမည်


မြန်မာ့ရေဘေးသင့်ဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေရှာပေးမယ့် facebook စာမျက်နှာ။
မြန်မာ့ရေဘေးသင့်ဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေရှာပေးမယ့် facebook စာမျက်နှာ။

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူ ၁ သန်းအတွက် အလှူငွေတွေကို လှူဒါန်းနေကြတာမှာ ကမ္ဘာကျော် FACEBOOK လူမှုကွန်ရက် ထည့်ဝင် လှူဒါန်းသွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ Save the Children International အဖွဲ့နဲ့ အတူတွဲပြီး ရေဘေးရန်ပုံငွေ အကူအညီတွေ ပေးနိုင်ဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်းအထိ ရရှိဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးဒဏ်ခံနေရတဲ့ပြည်သူတွေအတွက် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက အကူအညီတွေပေးနေကြတာမှာ အခုနောက်ဆုံး ကမ္ဘာတဝှမ်း လူအများအပြား အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာလည်း ပါဝင်လာပါတယ်။ ကမ္ဘာကျော် Facebook စာမျက်နှာက Save the Children International အဖွဲ့နဲ့တွဲပြီး မြန်မာနိုင်ငံ ရေဘေးသင့်ဒေသတွေက ကလေးငယ်တွေကို အကူအညီပေးဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

အလှူရှင်တွေက လှူဒါန်းတဲ့ ပမာဏအတိုင်း သူတို့ဘက်ကလည်း ထပ်တူလှူဒါန်းသွားမှာဖြစ်တယ်လို့ ဖော်ပြထားပြီး Facebook အနေနဲ့ ဒေါ်လာ ၅ သိန်းအထိ အလှူငွေထည့်ဝင်သွားဖို့ ကတိပြုထားပါတယ်။ ဒါကြောင့် ရေဘေးအကူအညီအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းလောက်ရဖို့ မှန်းထားတယ်လို့ ပြောထားပါတယ်။ အလှူရှင်တွေအနေနဲ့ ၁၀ ဒေါ်လာကနေ စတင် လှူဒါန်းနိုင်ပြီး Visa, Master, American Express, နဲ့ Discover ကဒ်တွေကို အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။

ရရှိလာတဲ့ အလှူငွေတွေ အားလုံးကို Save the Children အဖွဲ့က ပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ Facebook ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အဲဒီအလှူငွေတွေကို ရေဘေးဒဏ်အဆိုးရွားဆုံးခံလိုက်ရတဲ့ ဒေသတွေက ရေဘေးသင့်ပြည်သူတွေ အတွက် အကူအညီတွေပေးသွားမှာဖြစ်ပြီး အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ အရေးပေါ် ရှေးဦးသူနာပြုစုမှု အကူအညီတွေ၊ အိမ်သုံးပစ္စည်းတွေ၊ နေ့စဉ်တကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေအပြင် ရေရှည် ပြန်လည် ထူထောင်ရေး အကူအညီတွေပါဝင်တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် အခုလို Facebook နဲ့ Save the Children အဖွဲ့တို့ ပူးပေါင်းပြီး အကူအညီပေးဖို့ လုပ်ဆောင်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ မမြတ်ရင်ချောက အခုလို ပြောပါတယ်။

“အဲဒါကတော့ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီလိုမျိုးလုပ်တယ်ဆိုတာ ကိုယ်ကိုယ်ထူကိုယ်ထစနစ်၊ ကိုယ်လူတွေနဲ့ ကိုယ်လုပ်ကြတဲ့သဘောမျိုးပဲ။ ဒီလိုမျိုး ၁ ဒေါ်လာလှူရင်၊ ၁ ဒေါ်လာ ထည့်မယ်ဆိုတဲ့အစီအစဉ်၊ နောက် Facebook ဆိုတာလည်း တကမ္ဘာလုံးမှာ လူအသုံးများတဲ့ အင်တာနက်စာမျက်နှာတခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရမ်းကောင်းတဲ့ အစီအစဉ်ဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျမတို့

မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေကိုလည်း ကမ္ဘာနဲ့အဝှမ်း လူတွေ ပိုသိပြီးတော့ အလှူငွေတွေလည်း ပိုရမယ်။ Information တွေလည်း ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီးတော့ share ဖြစ်မယ်၊ ပိုသိလာမယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အရမ်းကောင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ ကျမကတော့ ယုံကြည်တယ်လေ။”

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက် တနင်္ဂနွေနေ့ကလည်း ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ရန်ပုံငွေဈေးရောင်းပွဲကို ဝါရှင်တန်ဒီစီ အနီးတဝိုက်က မြန်မာမိသားစုတွေ စုပေါင်းလုပ်ခဲ့ကြတာမှာ အမေရိကန်ဒေါ်လာ ၁ သောင်းကျော် ရရှိတယ်လို့ မမြတ်ရင်ချောက ရှင်းပြပါတယ်။

“မနေ့က စာရင်းပိတ်တဲ့အထိကတော့ အမေရိကန်ဒေါ်လာ ၁၀,၈၈၀ လောက် ရတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာပဲ ညတွင်းချင်း ကိုယ့်ရဲ့ Facebook စာမျက်နှာတွေမှာ ကိုယ့်ဘာသာကိုယ် Share ကြရင်းနဲ့ ညတွင်းချင်းပဲ ထပ်ပြီးတော့ လှူကြမယ်ဆိုတဲ့သူတွေ ရှိတဲ့အတွက်ကြောင့် မို့လို့ ဒီနေ့က အလှူငွေဒေါ်လာ ၄ ရာ လောက် ထပ်ရတယ်။ ဒီနေ့ နောက်ဆုံးစာရင်းတော့ မသိသေးဘူး။ မနေ့က အထိတော့ ၁ သောင်း ၁ ထောင် နီးပါး ရပါတယ်။”

ဒီလို ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကိုတော့ ရေဘေးသင့်ပြည်သူတွေကို အစောပိုင်းကတည်းက ကူညီနေတဲ့၊ နာရေးကူညီမှုအသင်း ရန်ကုန်၊ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ ရခိုင်ပြည်နယ်မှာ ရေဘေး အကူအညီပေးနေတဲ့ အလိုတော်ပြည့်ဆရာတော်ကိုလှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့ဲတဲ့ နီပေါငလျင်တုန်းကတော့ အကူအညီပေးရေး ရန်ပုံငွေ ကောက်ခံခဲ့တာမှာ အမေရိကန်ဒေါ်လာ ၁၇ သန်းရရှိခဲ့တယ်လို့ Facebook က ဖော်ပြပါတယ်။ အလှူရှင်တွေအနေနဲ့ facebook.com/Myanmarfloodrelief နဲ့ savetheChildren.org အင်တာနက်စာမျက်နှာတွေမှာ လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

XS
SM
MD
LG