သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC ရှောင်ဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သင့်


ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ (MOI Webportal Myanmar)
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ (MOI Webportal Myanmar)

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခမှာ ဒုက္ခသည်တွေထွက်ပြေးရတဲ့အခြေအနေကို စုံစမ်းစစ်ဆေးဖို့အတွက်ဆိုရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြန်လည်လက်ခံဖို့နဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission ကို လက်ခံဖို့ သင့်ကြောင်း လူ့အခွင့်အရေးဆောင်ရွက်သူနဲ့ နိုင်ငံတကာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက မြန်မာနိုင်ငံကို လာလေုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့က နည်းလမ်း ၂ခုတင်ပြထားအပေါ်မှာ အခုလို သုံးသပ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒီလို ထွက်ပြေးရတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ၂ရက်ကြာလာရောက်ခဲ့ပါတယ်။ဒုက္ခသည်တွေ ထွက်ပြေးရတဲ့အခြေအနေကို စုံစမ်းဖို့ဆိုရင် ICC ခေါ်နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးကနေ ကိုင်တွယ်စုံစမ်းဖို့နဲ့ မြန်မာအစိုးရက ကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ဆိုပြီး ၂ချက်တင်ပြခဲ့ပါတယ်။

ဒီတင်ပြချက် ၂ခုနဲ့ပတ်သက်ပြီး ICC ခေါ်နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးက စုံစမ်းစစ်ဆေးမယ်ဆိုရင် နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်သလို မြန်မာအစိုးရက ကိုယ်တိုင်စုံစမ်းစစ်ဆေးမယ်ဆိုရင်လည်း နိုင်ငံတကာက လက်ခံဖို့ အခက်အခဲရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။

Equality Myanmar ခေါ် လူအခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက -

“ ကျနော်တို့ဘက်က ဒီ ICC တင်မယ့် အလားလာမျိုးဖြစ်နေချိန်မှာ နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားတဲ့ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စယန်ဟီးလီနဲ့ နောက်တခါ Fact Finding Mission ကျနော်တို့ ဒီဖွဲ့ထားတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးအချက်အလက်တွေကို ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ပါတယ်ဆိုတဲ့ လုပ်ဆောင်မှုပြဖို့က ပိုပြီး အရေးကြီးနေပြီလို့ ထင်တယ်။ တကယ်လို့ အဲဒီလမ်းကြောင်းအတိုင်း မသွားဘူးဆိုရင် အခုလာခဲ့တဲ့ UNSC mission ကလည်း မကျေနပ်ဘူးဆိုရင် ICC တင်ဖု့ိလမ်းကြောင်းက ပိုပြီးတော့ များသွားသလို ဖြစ်သွားနိုင်တယ်။ ”

ဒီလို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက် နံမည်ပျက်စရာ အခြေအနေကို ရှောင်လွဲနိုင်မယ်လို့လည်း သူ့အမြင်ကို ဆက်ပြောပါတယ်။

“ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းပြည်က နိုင်ငံတကာရဲ့ လူ့အခွင့်အရေးဆိုင်ရာ Rader အောက်ထဲကို ရောက်နေတယ်။ နောက် တဘက်မှာလည်းပဲ တခါမှ မကြုံဘူး၊ မကြားဘူးတဲ့ ICC တင်မယ်ဆိုတဲ့အချက်။ ဒါမျိုးကို တင်လိုက်ပြီး ICC က လက်ခံလိုက်ပြီဆိုရင် တိုင်းပြည်အတွက် နံမည်ပျက်စရာ ပိုဖြစ်နိုင်တယ်။ အဲဒါကြောင့် လောလောဆည် ကျနော်တို့ လုပ်နိုင်တဲ့အလုပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အရာတွေ ပူးပေါင်းဆောင်ရွက်ပါ။ သက်သေအထောက်အထားရှိရင် ဖြေရှင်းပါမယ်ဆိုတဲ့ ပြောဆိုချက်တင်မကဘူး။ ဖြေရှင်းနိုင်ဖို့အတွက် သက်သေအထောက်အထားတွေကို သက်သေပြခွင့် ပေးမယ်ဆိုရင် ကျနော်တို့ ဒါ သိပ်ပြီးတော့ အဆိုးဝါးဆုံးအခြေအနေ မရောက်ခင်ထိတော့ ကျနော်တို့ အားကောင်းသွားမှာပါ။ ”

ICCခေါ် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးတင်နိုင်တဲ့အခြေအနေအပေါ်မှာလည်း ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

“ သာမန်က Rome Statute ရောမစာချုပ်ကို လက်မှတ် မထိုးထားတဲ့နိုင်ငံကို ICC က ဝင်ပြီးတော့ အမှုဖွင့်တာ လုပ်လို့ မရဘူး။ ဒါပေမဲ့ လုံခြုံရေးကောင်စီက ဒီဟာကို တကယ့်ကို စုံစမ်းဖို့ လိုအပ်နေပါပြီဆိုတဲ့ လွဲှပြောင်းချက်တွေ တင်ပြချက်တွေ ရှိလာပြီဆိုရင်တော့ လုပ်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ဒါကြောင့် အခုတခေါက်လာတဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်တဲ့ ၁၀နိုင်ငံရယ် အမြဲတမ်း ၅နိုင်ငံရယ် ပါဝင်တဲ့ သံအမတ်တွေရဲ့ အယူအဆတွေ အာဘော်တွေ သူတို့ရဲ့အတွေးတွေ က တော်တော် အရေးကြီးတာ။ နိုင်ငံတကာအမြင်မှာဆို သတိထားရမယ့် mission ဖြစ်တယ်။ ဒါကို ကျနေ်ာတို့ အစိုးရဘက်က တော်တော်ကြီးကို လေးလေးနက်နက်နဲ့ သတိထားပြီးတော့ ဆက်ဆံတုံပြန်ဖို့ လိုအပ်ပါတယ်။”

နိုင်ငံတကာအရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းကလည်း အလားတူ အမြင်သဘောထားမျိုး ပြောဆိုပါတယ်။

“ အခုက ကုလသမဂ္ဂက Fact Finding Mission လေ အချက်အလက် ရှာဖွေရေးအဖွဲ့ကို အားကိုးလို့ ရတယ်။ ကဲ ခင်ဗျားတို့ပဲ လာပါ။ လာပြီးတော့ ခင်ဗျားတို့ပဲ ဒီဥစ္စာကို ရှာပါ။ တခုတော့ ရှိတယ် ကျနော်တို့ဘက်က ပုဂ္ဂိုလ်တွေလည်း ဒီထဲမှာ ပါမယ်ဆိုရင်တော့ အဲဒါ အဖြစ်နိုင်ဆုံးလို့ ထင်တယ်။ ယန်ဟီးလီက ကိုယ်ပြောမယ် လက်မခံလို့ မရဘူး။ ပြောမယ်ဆို မြန်မာပြည်အတွက် Special Rapporteur အဖြစ် ခန့်ထားတဲ့သူ။ သူ့ကို လက်မခံတာကိုက တော်တော်လေးကို ရုပ်ဆိုးနေပြီ။ အဲလိုဖြစ်တယ်။ ခုနက Fact Finding Mission နဲ့ သူနဲ့က တွဲလုပ်ရလိမ့်မယ်။”

စုံစမ်းစစ်ဆေးရေးဆိုင်ရာ နည်းလမ်း ၂ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်ကလည်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အထောက်အထားခိုင်လုံရင် စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း တုံပြန်ထားပါတယ်။

XS
SM
MD
LG