သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်


ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်

ကမ္ဘာအရပ်ရပ်က နိုင်ငံဖြစ်တည်မှု စံနှုန်းသတ်မှတ်ချက် စာရင်းတခု ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ စိုးရိမ်နိုင်ငံ စာရင်းထဲမှာ ဖော်ပြခံရပါတယ်။ မြန်မာနိုင်ငံဟာ အထူးသဖြင့်ဆိုရင် နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုပိုင်းတွေမှာ ဆိုးဆိုးဝါးဝါး စိုးရိမ်စရာတွေ ရှိတဲ့အကြောင်း အဲဒီ အစီရင်ခံစာ ပြုစုတဲ့ အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံအကြားမှာ မြန်မာနိုင်ငံဟာ Failed State လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ အဆိုးဆုံးနိုင်ငံစာရင်း ၁၆ နိုင်ငံမြောက်မှာ ဖော်ပြခံရပါတယ်။ အမေရိကန် အခြေစိုက် the Fund for Peace ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ဆိုတဲ့ စစ်တားဆီးရေးနဲ့ ပဋိပက္ခဖြစ်မှု လျော့ပါးရေး သုတေသန အဖွဲ့အစည်းက ပြုစုထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို သုံးသပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိ မာ့ခ် လောကပ်စ် (Mark Loucas) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အစိုးရတရပ်အနေနဲ့ သူ့ပိုင်နက်နိုင်ငံမြေကို ထိန်းချုပ်လို့ မရတော့တာမျိုး၊ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တာမျိုး၊ နိုင်ငံတနိုင်ငံ ကျရှုံးမှု အဖြစ်နိုင်ဆုံး အခြေအနေတွေအလိုက် ကမ္ဘာ့နိုင်ငံတွေကို စာရင်းပြုစုတာပါ။”

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက် ၁၂ ခုကို တည်ပြီး နိုင်ငံအလိုက် အခြေအနေတွေကို သုံးသပ်ခဲ့တာလို့ မာ့ခ်က ပြောပါတယ်။ အခုလို နိုင်ငံစာရင်းတွေ ပြုစုရာမှာတော့ အဆင့် ၃ ဆင့်ထားပြီး စိစစ်ခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။

“အစီရင်ခံစာနဲ့ ထုတ်ပြန်ချက် အချက်အလက်ပေါင်း ၉၀,၀၀၀ ကျော်ကနေ ပြန်စိစစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ အမေရိကန် ပြည်ထောင်စုတို့၊ ကမ္ဘာ့ဘဏ်တို့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေနဲ့ ချိန်ထိုးပါတယ်။ ပြီးတော့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အမြင်ကို ယူပါတယ်။ အဲတော့ အဆင့် ၃ ဆင့်နဲ့ ဒီစာရင်းကို ပြုစုပါတယ်။”

မြန်မာနိုင်ငံဟာ ဒီစာရင်းမှာတော့ ၁၆ နိုင်ငံမြောက်မှာ ရှိခဲ့ပြီး စိုးရိမ်ရတဲ့ နိုင်ငံအုပ်စုမှာ ရှိနေတာပါ။

“မြန်မာနိုင်ငံဟာ စံနှုန်းထား တိုင်းတာမှု ၁၂ ခုအရ နိုင်ငံတနိုင်ငံ ဖြစ်တည်မှု အားနည်းတာမှာ အတော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့်တော့ ဖွားသေစာရင်း၊ ရောဂါဘယဖြစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံနှုန်းတိုင်းတာချက်မှာ အတော်လေး ဆိုးဆိုးဝါးဝါး စိုးရိမ်စရာ တွေ့ရပါတယ်။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်းမှာလည်း စိုးရိမ်ရပါတယ်။”

The Fund for Peace အဖွဲ့ဟာ နှစ်စဉ် ဒီစာရင်းထုတ်ပြန်ပြီး ဒါဟာ ၅ ကြိမ်မြောက်နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ် အဆိုးဆုံး အခြေပြ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးနိုင်ငံ ၁၃ နိုင်ငံမြောက်မှာ ဖြစ်တာမို့ ဒီနှစ်မှာ အနည်းငယ် အဆင့်ကျသွားပါတယ်။ ၂၀၀၉ ခုနှစ် စာရင်းပြုစုစဉ်မှာ နာဂစ်မုန်တိုင်းကိစ္စ၊ ရွှေဝါရောင်လှုပ်ရှားမှုဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကြောင့် အခုလို ၁၃ အဆင့်မှာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ မနှစ်ကထက် အခြေအနေတွေ အနည်းငယ် တိုးတက်လာခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။ ဒါပေမဲ့ အဆိုးဆုံးနိုင်ငံများစာရင်း အုပ်စုမှာတော့ ရှိနေဆဲပါ။

ဒီစာရင်းကိုတော့ Foreign Policy မဂ္ဂဇင်းကြီးမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် စာရင်းမှာတော့ အဆိုးဆုံး အခြေအနေပြ နိုင်ငံဟာ ဆိုမားလီးယား ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ မနှစ်က နံပါတ် ၂ နေရာကနေ အခုနှစ် နံပါတ် ၄ နေရာကို ရောက်သွားပါတယ်။ အာရှထဲမှာဆိုရင် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ဟာ မြန်မာနိုင်ငံထက် ဆိုးတဲ့အဆင့်မှာ ရှိနေပြီး အရှေ့တီမောကတော့ မြန်မာနိုင်ငံနောက် အဆင့် ၁၈ မှာ ရှိနေပါတယ်။

XS
SM
MD
LG