သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့သောင်းမှာ ကျပ်ငွေ ၅,၀၀၀ တန် အတုမိ


ကော့သောင်းမြို့ရဲတပ်ဖွဲ့ကနေ ဒီရက်ပိုင်းတွေမှာ မြန်မာငွေကျပ် (၅,၀၀၀)တန် အတု ကာလ တန်ဖိုး သိန်း(၄၀)ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီငွေအတုတွေဟာ ဒေသခံတွေကြားမှာ ပျံ့နှံ့နေတဲ့ အတွက် ကော့သောင်းမြို့ ဒေသခံတွေအကြားမှာ ဒီငွေအတုကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခုဆို ငွေအတု ကိုင်ဆောင်သူ အမျိုးသမီးကိုလည်း ကော့သောင်း မြို့ ရဲစခန်းကနေ စစ်ဆေးမေးမြန်းနေဆဲလို့လည်း ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

တနသာၤရီတိုင်း၊ ကော့သောင်းမြို့မှာ ငွေအတုသိန်း (၄၀) ကျော်ကို နယ်မြေခံ ရဲတပ်ဖွဲ့တွေကနေ ဒီ ရက်ပိုင်းတွေမှာ ဖမ်းဆီးမိခဲ့ပါတယ်။ အခုဆိုရင် ကော့သောင်းမြို့ထဲမှာ ငွေအတုတွေ ပျံ့နှံ့နေတဲ့ အတွက် ရောင်းဝယ်လဲလှယ်ထားတဲ့ ဒေသခံဈေးဆိုင်တွေနဲ့ ငွေလဲလှယ်ရေးဆိုင်တွေအနေနဲ့ စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ ငွေလဲလှယ် ရေးဆိုင်ရှင်တဦးကပြောပါတယ်။

“ငါးထောင်တန်ဖမ်းမိတော့ ဒီကမြို့သူမြို့သားတွေ အဲဒါ စိုးရိမ်နေတယ်။ ဈေးထဲမှာလည်း တော်တော် များများ ဝယ်ထားတယ်။ ဟိုကောင်မလေးကိုတော့ဖမ်းချုပ်ထားတယ်။ မြို့ထဲမှာ ဈေး ဆိုင်တွေရော၊ ရွှေဆိုင်တွေရော ဒီ ဘတ်လဲတဲ့ဆိုင်တွေရော အကုန်မေးကြည့်တော့ မြန်မာ ငွေနဲ့ ထိုင်းငွေတွေ လဲလှယ်တဲ့နေရာ အကုန်မေးကြည့်တော့ သူတို့ တော်တော်များများ လဲထား တယ်- တဲ့။ ငွေအတု၊ အစစ်ဆိုတာ ကျနော်တို့ ခွဲခြားလို့ မသိဘူးတဲ့။ ပြည်သူလူထုက ဥပဒေ အရပေါ့နော်။ ဒီ(၅၀၀၀)တန်ပေါ့နော်။ သူတို့ လိုက်ဝယ်ထားတာ တော်တော်များများ ဝယ် ထားတာကိုး။ (၅၀၀၀) တန်က။ ပြည်သူတွေက ထိတ်လန့်နေတာ။ (၅၀၀၀) တန်တောင် မကိုင်ရဲဘူး။”

ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးကို စက်တင်ဘာလနှစ်ရက်နေ့မှာ ကော့သောင်းမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ဒီငွေအတုတွေကို ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် (၂၄) နှစ်အရွယ် မဝေယံဖြိုး ကနေ ရွှေဆိုင်တွေနဲ့ ထိုင်း-မြန်မာ ငွေလဲလှယ်ရေးဆိုင်တွေမှာ ငွေလဲလှယ်၊ ရွှေတွေ ဝယ်ရာကနေ သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးမိခဲ့တယ်လို့ အဆိုပါ ငွေလဲလှယ်ရေးဆိုင်ရှင်က ဆက်ပြောပါတယ်။

“ရွှေဆိုင်တဆိုင်မှာ ပထမရွှေ (၄) ကျပ်သား သွားဝယ်လိုက်တယ်။ ဒုတိယ ငွေဘတ် လေး သောင်း ဆိုလား သွားလဲတယ်။ ထိုင်းငွေနဲ့ မြန်မာငွေ လဲလှယ်တဲ့နေရာတွေမှာ သူတို့ ငွေအတု အစစ်ခွဲခြားလို့ သိတယ်လေ။ သွားလဲတဲ့အချိန်မှာ ငွေကပါးပါးလေးဖြစ်နေတော့ သူတို့က အလဲမခံဘူး။ အဲဒီမှာ ရွှေ ဆိုင်မှာ တခါထပ်ပြီးတော့ သွားဝယ်တယ်။ အဲဒီမှာ ရွှေဆိုင်ကနေ မယုံမသင်္ကာဖြစ်တော့ ငွေလဲတဲ့ လူတွေကလည်း ရွှေဆိုင်ကို ပြန်လာပြောတော့ အဲဒီတော့ ငွေ အသေ အချာပြန်ကြည့်တော့ ငွေအတုတွေ ဖြစ်နေတယ်။ ကောင်မလေးနံမယ်က ဝေယံဖြိုး။ လဲတာတွေရော အားလုံး သူဝယ်ထားတဲ့ဟာတွေရော ဆိုလို့ရှိရင် အားလုံးပေါင်း သိန်း လေးဆယ်ကျော်တယ်။”

ငွေအတုရောင်းဝယ်သူ မဝေယံဖြိုးကိုတော့ ကော့သောင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး အခုဆိုရင် ရဲစခန်းကနေ စစ်ဆေးနေဆဲလို့ ကော့သောင်းမြို့၊ နယ်ထိန် းဦးကျော်မိုးဦးက ပြောပါတယ်။

“ငွေအတုတော့ ဖမ်းမိထားတယ်။ ကျနော်တို့ဆီက အရာရှိတွေကနေပြီးတော့ စစ်နေတယ်။ ဒီနေ့မှ ကျနော်တို့က စစစ်တယ်။”

ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးဟာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ဒီ (၅၀၀၀) တန် ငွေအတုတွေကို ထိုင်းနိုင်ငံကနေတဆင့် တင်သွင်းလာနိုင်ဖွယ်ရာရှိတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ (၁၉၉၆) ခုနှစ်ကလည်း ထိုင်းနိုင်ငံသားနှစ်ဦးကနေ ထိုင်းဘတ်ငွေ (၅၀၀) အတု သိန်း (၂၀) လောက် ကော့သောင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်ကနေ ဖမ်းဆီးထောင်ချ ခဲ့ပါ တယ်။
ဒီနှစ် သြဂုတ်လ (၂၄) ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်ခွဲမှာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးတဦးကို (၅၀၀၀) တန် မြန်မာငွေအတု သိန်း (၁၅၀) ခန့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
XS
SM
MD
LG