မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရပြီး အတင်းအကြပ် ခိုင်းစေခံနေရတယ်လို့ ယုံကြည်ရတဲ့ ဟောင်ကောင် ဒေသခံ ၆ ဦးရဲ့ မိသားစုတွေက အဖမ်းခံရသူတွေလွတ်မြောက်ရေး တရုတ်အစိုးရဆီက အကူအညီ ယူဖို့ ဟောင်ကောင်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာနယ်ခြားမှာ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင်ကို ပြန်ရှာတွေ့အောင် ထိုင်းနဲ့တရုတ်အစိုးရတွေ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကိုထောက်ပြပြီး သူတို့ မိသားစုဝင်တွေလည်း အလားတူလွတ်မြောက်အောင် လုပ်ဆောင်ပေးဖို့တောင်းဆိုတာကို The South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို ထိုင်းအရာရှိတွေ ရှာဖွေတွေ့ရှိခဲ့တာဟာ တရုတ်အစိုးရရဲ့ ပါဝင်ကူညီမှုကြောင့်လို့ ဟောင်ကောင်မိသားစုဝင်တွေက ယုံကြည်ထားကြပါတယ်။
ပြီးခဲ့တဲ့ ၅ လက သူတို့ မိသားစုဝင်တွေကို ဂျပန်နဲ့ထိုင်ဝမ်က ကုန်ပစ္စည်းတွေဝယ်ပြီး ဟောင်ကောင်ကို ပြန်ပို့ဖို့အလုပ်တခု ကမ်းလှမ်းခဲ့ကြောင်း၊ ဒီအလုပ်အတွက် ထိုင်းနိုင်ငံကိုလာဖို့ ခေါ်ခဲ့ပြီး မြန်မာနိုင်ငံဘက်ကို အတင်းအကြပ်ပို့တာခံခဲ့ရတဲ့အကြောင်း ဟောင်ကောင်ဒေသခံ မိသားစုဝင်က ပြောပြပါတယ်။ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ ဖျားယောင်းပြီး အတင်းအကြပ်အလုပ်ခိုင်းစေခံနေရတဲ့ အာရှနိုင်ငံသားတွေ ထောင်နဲ့ချီရှိနေဆဲပဲလို့ ဒေသတွင်း ရာဇဝတ်မှု နှိမ်နှင်းရေးအရာရှိတွေက ယုံကြည်ထားကြပါတယ်။
Forum