သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာတ၀န်း ငတ်မွတ်ခေါင်းပါးသူ အရေအတွက် လျော့ကျ

  • ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာတ၀န်း ငတ်မွတ်ခေါင်းပါးသူ အရေအတွက် လျော့ကျ

ကမ္ဘာတ၀န်းမှာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငတ်မွတ်ခေါင်းပါးသူ ဦးရေ သန်းပေါင်း ၁,၀၀၀ အောက်ကို ကျဆင်းသွားခဲ့ပြီလို့ စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့ကြီး (FAO) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်ပြီး ဦးမော့လာတာနဲ့ ၂၀၀၈ နှစ်လယ်မှာ ထိပ်ဆုံးကို ရောက်ခဲ့တဲ့ စားသောက်ကုန် ဈေးနှုန်းတွေ ထပ်မတက်ဘဲ အဲဒီ့တုန်းကထက် ဈေးတွေ ကျလာတာကိုလည်း FAO အစီရင်ခံစာမှာ ချီးကျူးထားပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာတ၀န်းမှာ ငတ်မွတ်ခေါင်းပါးသူ ဦးရေ ၉၂၅ သန်းလောက် ရှိနေသေးပြီးတော့ အများစုဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဖြစ်တယ်လို့ FAO က ဆိုပါတယ်။

အာဟာရ ချို့တဲ့မှုကြောင့် ၆ စက္ကန့်တိုင်းမှာ ကလေးငယ်တယောက် ကမ္ဘာပေါ်မှာ သေဆုံးနေရပြီး ဒီကိန်းဂဏန်း နှုန်းထားကို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ FAO ညွှန်ကြားရေးမှူးချုပ် ဂျက်ဒူး (Jacques Diouf) က ပြောကြားလိုက်ပါတယ်။

၂၀၀၇-၂၀၀၈ တုန်းကလို စားသောက်ကုန် ဈေးနှုန်းတွေ တက်တာမျိုး ထပ်ဖြစ်နိုင်တယ် ဆိုတာကို FAO ညွှန်ကြားရေးမှူးချုပ်က လက်မခံပေမဲ့ စားသောက်ကုန်ဈေးနှုန်း တက်ခြင်းဟာလည်း အနာဂတ်မှာ လူတွေ ငတ်မွတ်ခေါင်းပါးမှုကို ခံစားကြရဖို့ ခြိမ်းခြောက်မှု ဖြစ်စေနိုင်တယ်လို့ မစ္စတာ ဂျက်ဒူးက ဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ရုရှားမှာ မိုးခေါင်ရေရှားတာနဲ့ ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုတွေကြောင့် ဂျုံ၊ ဆန်နဲ့ အသားဈေးတွေ တက်ခဲ့ပါတယ်။

ဒီနှစ်ထဲ နိုင်ငံရေး ပြဿနာကြောင့် မိုဇမ်းဘစ်နိုင်ငံမှာ ရိက္ခာလုယက်တဲ့ အဓိကရုဏ်းတွေ၊ အီဂျစ်နိုင်ငံက ဆန္ဒပြပွဲတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရိက္ခာဖူလုံရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။

XS
SM
MD
LG