သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ဖို့ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတွေ ပြန်သုံးသပ်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လူစည်းကားတဲ့နေရာမှာရှိနေတဲ့ H&M စတိုးဆိုင်တခု
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လူစည်းကားတဲ့နေရာမှာရှိနေတဲ့ H&M စတိုးဆိုင်တခု

H&M၊ Bestseller အပါအဝင် နာမည်ကြီး အဝတ်အထည် ဖက်ရှင်ကုမ္ပဏီတွေအနေနဲ့ သူတို့မှာယူနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်မှုရှိမရှိ သုံးသပ်နေချိန်မှာ Esprit အဝတ်အထည် ကုမ္ပဏီကတော့ စစ်တပ်ပိုင် စက်မှုဇုံမှာ ရှိနေတဲ့ မြန်မာအထည်ချုပ် စက်ရုံကနေ သူတို့ အထည်တွေကို ဆက်ပြီး မှာယူတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

သြဂုတ်လ အစောပိုင်းက ထုတ်ပြန်တဲ့ FFM အစီရင်ခံစာတွေ့ရှိချက်တွေကို သူတို့ အလေး အနက်ထား စုံစမ်းနေပြီး လူ့အခွင့်အရေး လေးစားမြှင့်တင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတခုအနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်မလဲဆိုတာ စဉ်စားသုံးသပ်နေကြောင်း H&M ကုမ္ပဏီကတော့ ဗွီအိုအေကို သြဂုတ်လ (၂၆)ရက် မနေ့က တုန့်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

စစ်တပ်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEHL က ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့က ငွေပင်လယ်စက်မှု ဇုန်နဲ့ ပျဉ်းမပင်စက်မှုဇုန်တွေမှာ Next, Bestseller, H&M, Marks & Spencer, C&A နဲ့ Esprit စတဲ့ နာမည်ကြီး ကုမ္ပဏီတွေကို အထည်တွေ တင်ပို့နေတဲ့ အထည်ချုပ်စက်ရုံတွေ ရှိနေတာပါ။ ဒါကြောင့် Esprit အဝတ်အထည် ကုမ္ပဏီကတော့ သူတို့မှာယူနေတဲ့ Perfect Gains အထည်ချုပ် စက်ရုံဟာ အဲဒီ စက်မှုဇုံတခုထဲမှာ ရှိနေတဲ့အတွက် ဆက်လက်မှာယူတော့မှာ မဟုတ်ဘူးလို့ သတင်းဌာနတွေကို အီးမေးလ်နဲ့ ရေးသား တုံ့ပြန်ခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေရှိနေတဲ့ ဒီစက်မှုဇုံဟာ စစ်တပ် စီးပွားရေးနဲ့ ပတ်သက်နေတယ်ဆိုတာ ကုမ္ပဏီအနေနဲ့ အရင်က သတိမပြုမိခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒါအပြင် အနာဂတ်မှာလည်း Esprit ကုမ္ပဏီအနေနဲ့ ဒီလို စစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်မှုရှိမရှိ ဆိုတဲ့ အခြေအနေကို သတိထား အနီးကပ် စောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လ (၅)ရက် နေ့က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင် FFM ကထုတ်ပြန်လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ်များဆိုတဲ့ အစီရင်ခံစာမှာ စက်မှုလက်မှုဇုံနှစ်ခုကို စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က ပိုင်ဆိုင်ကြောင်း ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းကြီးတခုဖြစ်တဲ့ Myanmar Wise-Pacific Apparel Yangon Co. ဆိုရင်လည်း ဦးပိုင်ကုမ္ပဏီနဲ့ တောင်ကိုးရီးယားက Pan-Pacific Co., ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါကြောင့် အခုလို FFM ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာပါအချက်တွေကို သူတို့ ကုမ္ပဏီအနေနဲ့ အလေးအနက်ထား သုံးသပ်နေပြီး လူ့အခွင့်အရေးကို အလေးအနက်ထားတဲ့ စီးပွားရေး ကုမ္ပဏီတခုအနေနဲ့ ရှေ့ဆက်ဘယ်လိုဆောင်ရွက်မလဲဆိုတာ စဉ်းစားနေကြောင်း H&M ကုမ္ပဏီက ဗွီအိုအေကို သြဂုတ်လ (၂၆)ရက်နေ တနင်္လာနေ့က အီးမေးလ်ကနေ အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စိုးရိမ်ဖွယ်ရာရှိနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ H&M ကုမ္ပဏီ က အလေးအနက်ထားဆောင်ရွက်ပါတယ်။ အခုအချိန်မှာ ဒီအစီရင်ခံစာမှာပါတဲ့ အခန်းတိုင်းကို H&M ကုမ္ပဏီ အနေနဲ့ လေ့လာနေပြီး ဘယ်လို ဆုံးဖြတ်ပြီး သင့်လျော်အောင် ဆောင်ရွက်မလဲ ဆိုတဲ့ လိုအပ်ချက်တွေကို သုံးသပ်နေပါတယ်။ ကုမ္ပဏီ စီးပွားရေးတခုလုံးက လူ့အခွင့်အရေးကို လေးစား၊ မြှင့်တင်တဲ့နေရာမှာ H&M အနေနဲ့ ဥပဒေနဲ့အညီ တရားဝင် တာဝန်ရှိတဲ့အပေါ် အပြည့်အဝတာဝန်ခံမှုရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲတွေ မကြာခဏပြုလုပ်ခဲ့ပြီး အရေးပါပြီး လတ်တလော ဆောင်ရွက်သင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်ရှင် အပါအဝင် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ တို့ရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာဖို့ ကုမ္ပဏီအနေနဲ့ တင်ပြခဲ့ပါတယ်။”

BestSeller ကုမ္ပဏီကလည်း သူတို့ FFM အစီရင်ခံစာကို သုံးသပ်နေပြီး အဲဒီမှာပါတဲ့ အကြံပြုချက်တွေအတိုင်း လိုအပ်ရင် လိုက်နာအကောင် အထည်ဖေါ်ဆောင် ရွက်မှာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို တုန့်ပြန်ပြောဆိုထားပါတယ်။

မြန်မာစီးပွားရေး ဦးပိုင်လီမီတက် ပိုင်ဆိုင်တဲ့ စီးပွားရေးဇုံ နှစ်ခု
မြန်မာစီးပွားရေး ဦးပိုင်လီမီတက် ပိုင်ဆိုင်တဲ့ စီးပွားရေးဇုံ နှစ်ခု

အခုလို နာမည်ကြီး အဝတ်အထည် ဖက်ရှင်ကုမ္ပဏီတွေဘက်က မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ FFM အစီရင်ခံစာ အကြံပြုချက်အတိုင်း တုံ့ပြန်ဆောင်ရွက်လာတာကို ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

“ ဒါဟာ တကယ့်ကို အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေ တညီတညွတ်တည်း ပြောနေတာက သူတို့အဝတ်အထည်တွေ ချုပ်နေတဲ့ စက်ရုံတွေက မြန်မာစစ်တပ်နဲ့ ပတ်သက်မှု ရှိမရှိဆိုတာ စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်ဆိုတဲ့အချက်ပါ။ သူတို့စီးပွားရေးတွေ မြန်မာနိုင်ငံကနေ ထွက်သွားမယ်လို့ပြောနေတာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကျနော်တို့က အတိအကျ တောင်းဆိုနေတာဖြစ်ပါတယ်။ စစ်တပ်နဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပဲဖြစ်ဖြစ် ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာမျိုး ဘယ်ကုမ္ပဏီကမှာ စဉ်းစားဖို့ မသင့်သလို၊ လက်ခံဖို့လည်း မသင့်ပါဘူး။ တကယ်လို့ စစ်တပ်နဲ့ စီးပွားရေးလုပ်ခြင်းအားဖြင့် စစ်တပ်ရဲ့ ဝင်ငွေတွေပိုပြီးတိုးအောင် လုပ်ပေးသလိုဖြစ်နေပြီး ဒီဝင်ငွေတွေကို လက်နက်ဝယ်ဖို့အတွက် သုံးနေတယ်ဆိုတာ သူတို့ သိနေပါတယ်။ ဒီလိုမျိုး စစ်တပ်နဲ့ ပတ်သက်မှုရှိမရှိဆိုတာကို ကုမ္ပဏီတွေက ပြန်ပြီးသုံးသပ်နေတယ်ဆိုတဲ့ တုံ့ပြန်ချက်မျိုးကို ကျနော်တို့လိုချင်တာပါ။”

အခုလို FFM အစီရင်ခံစာနဲ့ ပတ်သက်လို့ အဝတ်အထည်ကုမ္ပဏီတွေရဲ့ တုံ့ပြန်ချက်တွေဟာ ဒီအစီရင်ခံစာ ထိရောက်မှုရဲ့ အစဦးပိုင်းမှာပဲရှိသေးကြောင်း Mark Farmaner ကဆိုပါတယ်။ နာမည်ကြီး တံဆိပ် အဝတ်အထည်ဆိုင်တွေဟာ လူစည်ကားတဲ့ လမ်းတွေမှာရှိနေပြီး သူတို့ရဲ့ ကုမ္ပဏီတံဆိပ် ဂုဏ်သိက္ခာ ထိခိုက်မှာကို အလွန်ပဲ စိုးရိမ်ကြတဲ့အတွက်လည်း အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ရင် သူတို့က အရင်ဆုံး ဦးအောင် တုန့်ပြန်ဆောင်ရွက် လေ့ရှိပါတယ်။ ဒါကြောင့် အခြား နယ်ပယ်က ကုမ္ပဏီတွေလည်း အလားတူ ဆောင်ရွက်ဖို့ ရှိလာမယ်လို့ Mark Farmaner ကပြောပါတယ်။

“ ရန်ကုန်မှာ စစ်တပ်ပိုင်တဲ့ ဆိပ်ကမ်းသုံးခုရှိပါတယ်။ ဒီဆိပ်ကမ်းတွေကို အသုံးပြုတဲ့ သင်္ဘောကုမ္ပဏီ အားလုံးကို ကျနော်တို့ စာတွေရေးသား အကြောင်းကြားနေတာက သူတို့ ကုမ္ပဏီတွေဟာလည်း စစ်တပ်နဲ့ စီးပွားရေး လုပ်နေတဲ့ သဘောမျိုးဖြစ်နေတယ်ဆိုတာပါ။ စစ်တပ်နဲ့ ပတ်သက်တဲ့ စက်မှုဇုံတွေမှာ ရှိနေတဲ့ စက်ရုံတွေနဲ့ မပတ်သက်ဖို့ လုပ်နေတဲ့ ကုမ္ပဏီတွေရှိလာနေတဲ့အတွက် သူတို့ကုမ္ပဏီတွေ အနေနဲ့လည်း စစ်တပ်ပိုင် ဆိပ်ကမ်းတွေကို အသုံးမပြုသင့်ဘူးလို့ ကျနော်တို့ ထောက်ပြထားပါတယ်။ သူတို့အနေနဲ့ အခြား အရပ်သား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။ ကျနော်တို့ပြောနေတာက စစ်တပ်နဲ့ မပတ်သက်ဖို့ပဲဖြစ်ပြီး ဒီလိုနည်းလမ်းနဲ့သာ စစ်တပ်ရဲ့ ဝင်ငွေကို ဖြတ်တောက်ဖို့ စတင်နိုင်မှာဖြစ်ပါတယ်။”

FFM အစီရင်ခံစာမှာ သူတို့ မှတ်တမ်းတင်ရရှိထားတဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိူးဖောက်မှု အမြောက်အမြားဟာ နိုင်ငံတကာဥပဒေအောက်တွင် အဆိုးဝါးဆုံးသော ရာဇဝတ်မှုတွေဖြစ်ကြောင်းနဲ့ တပ်မတော် ပိုင်တဲ့ ကုမ္ပဏီတွေ အထူးသဖြင့် MEHL ၊ MEC နဲ့ လက်ခွဲကုမ္ပဏီတွေ အားလုံးအပေါ် ပစ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ ချမှတ်သင့်ကြောင်း ဖေါ်ပြထားပါတယ်။

FFM အစီရင်ခံစာထွက်လာပြီးနောက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ ဆက်စပ်နေတဲ့ မြန်မာ့ဆက်သွယ်ရေးကုမ္ပဏီ Mytel နဲ့ အကျိုးတူပူးပေါင်းမှုကို ဖြတ်သိမ်းကြောင်း ဘယ်လ်ဂျီယံဆက်သွယ်ရေးကုမ္ပဏီ Newtec က ဒီလအစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG