သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FATF က မြန်မာကို အမည်မည်းစာရင်း သွင်းလိုက်တာကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကြား စိုးရိမ်


ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်
ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်

[[Zawgyi/Unicode]]

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မည်းစာရင်း သတ်မှတ်လိုက်ပြီးတဲ့နောက် ကျပ်ငွေနဲ့ ဒေါ်လာလဲနှုန်းအပေါ် ကောလဟလ သတင်းတွေ အမျိုးမျိုးထွက်နေပြီး ကျပ်ငွေတန်ဖိုး ထပ်ကျဆင်းမှာကို ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းကြား စိုးရိမ်နေပါတယ်။ ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းနေပြီဆိုပြီး ကောလဟလတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်နေခဲ့တာပါ။

အပြင်ဈေးကွက်မှာတော့ တန်ဖိုးကျတဲ့ဈေးနဲ့ လက်တွေ့ အရောင်းအဝယ်မရှိသေးကြောင်း ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီနေ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ ဒီပါဝလီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် မနက်ဖြန် ငွေကြေးဈေးကွက် ခြေအနေကို စီးပွားရေးလုပ်ငန်းရှင်တွေ စောင့်ကြည့်နေပါတယ်။

ဗဟိုဘဏ်ကတော့ ပြည်သူတွေအကြား စိုးရိမ်လွန်ကဲတာ၊ ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်တာတွေရှိခဲ့ရင် အရေးယူမယ့်အကြောင်း သတိပေးထားပြီး (FATF) ရဲ့ အမည်မည်းစာရင်းကနေ တနှစ်အတွင်း လွတ်မြောက်အောင် ဆောင်ရွက်မယ့်အစီအစဉ်တွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။ အမည်မည်းစာရင်း အသွင်းခံရတာကြောင့် မြန်မာနိုင်ငံအပေါ် FATF အဖွဲ့ဝင် ၃၇ နိုင်ငံနဲ့ ဥရောပကောင်စီနဲ့ ပင်လယ်ကွေ့ ပူးပေါင်းကောင်စီ အဖွဲ့ ၂ ခုက စီးပွားရေးအရ အရေးယူချင် တယ်ဆိုရင် အရေးယူမှုတွေ ချမှတ်နိုင်တာပါ။

မြန်မာနိုင်ငံနဲ့ နိုင်ငံတကာဘဏ်တွေကြား ငွေကြေးဖလှယ်မှုလုပ်ငန်းတွေအပေါ် အသေးစိတ် စီစစ်တာတွေ တိုးမြှင့်ပြီး လုပ်လာနိင်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်ပနဲ့ ဒီဂျစ်တယ်နည်းအရ ကုန်တန်ဖိုးပေးချေတာ၊ ငွေလွှဲပြောင်းတာတွေမှာ ထိခိုက်မှာကို လုပ်ငန်းရှင်တချို့ စိုးရိမ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံဟာ အရင် ၂၀၁၁ နဲ့ ၂၀၁၆ ခုနှစ်တွေကလည်း FATF ရဲ့ အမည်မည်းစာရင်းထဲ ထည့်သွင်းခံခဲ့ရဖူးပြီး FATF ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

=================

[[Unicode]]





=================

XS
SM
MD
LG